တိုက်ပွဲဖြစ်ခဲ့တဲ့ရေးမြို့နယ် နှစ်ကရင်ကျေးရွာကဒေသခံထောင်ချီ တပတ်ဝန်းကျင်ကြာတဲ့အထိ နေရပ်မပြန် နိုင်သေး

ဇူလိုင်၊ ၁

စစ်ကောင်စီနဲ့ KNLA၊PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ကြတဲ့ မွန်ပြည်နယ် ၊ရေးမြို့နယ်၊နှစ်ကရင်ရွာထဲမှာ စစ် ကောင်စီတပ်က တပ်စွဲထားလို့ စစ်ရှောင်ဒေသခံတွေဟာ တိုက်ပွဲအပြီး တပတ်လောက်ကြာတဲ့အထိ အိမ်မပြန် နိုင် ကြသေးဘူးလို့သိရပါတယ်။

“တိုက်ပွဲဖြစ်ပြီးတဲ့နေ့ကတည်းကပဲလူတွေ အများကြီး ထွက်ပြေးသွားကြတာ၊ ထောင်ဂဏန်းလောက်ရှိမယ်၊ တ ထောင်ဝန်းကျင် ပေါ့နော်၊ အခုဆို ခြောက်ရက်ရှိပြီပေါ့နော်၊ မပြန်လာရဲကြဘူး၊ ဘာလို့ဆိုတော့ ရွာထဲမှာလည်း စစ် တပ်တွေက အများကြီး တပ်စွဲထားတယ်၊ နေရာအနှံ့မှာပဲလေ၊ တိုက်ပွဲက ထပ်ဖြစ်အုန်းမှာ” လို့ ထွက်ပြေး တိမ်း ရှောင်နေရတဲ့ နှစ်ကရင်ရွာ ခံတဦးက DNA  ကို ပြောပါတယ်။

 ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က ရေးမြို့နယ် နှစ်ကရင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ တွေကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် ခဲ့ပြီးနောက် စစ်ကောင်စီ ဘက်က လက်နက်ကြီးအပြင် လေကြောင်းပစ်ကူနဲ့ပါ အသုံးပြုတိုက်ခိုက်ခဲ့ တာဖြစ် ပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားတဦးသေဆုံးကာ သုံး ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒီလိုမျိုး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ကရင် ကျေးရွာနေဒေသခံပြည်သူ ထောင်နဲ့ချီ တောတောင်ဥယျာဉ်ခြံမြေ၊ နီးစပ်ရာဆွေမျိုးနေအိမ်နဲ့ တခြားမြို့နယ် တွေဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတာဖြစ်တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

“မြို့ပေါ် မော်လမြိုင်တို့၊ သံဖြူဇရပ်တို့ကတော့ ပိုက်ဆံရှိတဲ့ မိသားစုအသိုင်းအဝိုင်းတွေကတော့ ပြောင်းကြတာ ပေါ့၊အဆင်မပြေတဲ့ ဒေသခံတွေကတော့ နီးစပ်ရာ ဘေးလွတ်ရာ ဘုန်းကြီးကျောင်းတို့၊ တောတောင် ဥယာဉ်ခြံ မြေတွေမှာပဲပေါ့၊ စားသောက်ဖို့က လတ်တလော သူတို့ပါတာလေးနဲ့ စားသောက်နေကြတာပဲ၊ အဆင်ပြေ လား ဆိုတော့ အခုချိန်ထိ မပြန်ရဲကြသေး တာ၊ ရေရှည်တော့ ဘယ်အဆင်ပြေမလဲ” လို့သူက ပြောပါတယ်။

မွန်တိုင်းရင်းသားတွေ အများဆုံးနေထိုင်ကြတဲ့ နှစ်ကရင်ကျေးရွာဟာ အိမ်ခြေ(၃၀၀၀)ကျော်ရှိပြီး လယ်ယာ ဥ ယျာဉ်ခြံမြေ စိုက်ပျိုးရေးကို အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ်အဓိက လုပ်ကိုင်ကြပါတယ်။

ဒါ့အပြင် စစ် ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက နှစ်ကရင်ကျေးရွာမှာရှိတဲ့ ဒေသခံပြည်သူတချို့ကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုကာ ဖမ်းဆီးတာတွေလည်း ရှိနေတယ်လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်က မနက်ပိုင်းမှာ နှစ်ကရင်ရွာထဲကပဲ မိသားစုတခုက PDF တွေနဲ့ ပတ်သက်မှုရှိ တယ် ဆိုပြီး ဖမ်းသွားတယ်၊ အဲဒီညနေပိုင်းမှာပဲ နှစ်ကရင် တရုတ်သင်္ချိုင်းအနီးမှာ လူငယ်နှစ်ဦးကိုလည်း ဖမ်း ထားတယ်၊ ဖမ်းခံရတဲ့သူတွေကို သံဖြူဇရပ်စခန်းနဲ့ ရွာထဲက ရှမ်းကျောင်းဘုန်းကြီးကျောင်းမှာ ချုပ်ထားတယ်လို့ သိရတယ်” လို့ သူကပြောပါတယ်။

မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးတလျှောက်ကို ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇွန် လ ၁၈ ရက်က စတင်ကာ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးအရှိန်မြှင့်ထားတာကြောင့် ရေးမြို့နယ် တ ခွင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နေ့စဉ်နဲ့အမျှ ထိတွေ့တိုက်ပွဲ တွေ ပြင်းထန်နေတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားထပ်မံဖြည့်တင်းထားပေမယ့် ခံစစ်အနေနဲ့သာ တိုက်ခိုက်နေတဲ့ သဘောရှိပြီး တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ နယ်မြေစိုးမိုးမှုရရှိနိုင်ဖို့ အပြင်းအထန်ကြိုးစား နေ တဲ့သဘောမှာ ရှိတယ်လို့ ရေးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဗိုလ်ရန်နိုင်က ပြောပါတယ်။

“အခုတော့ သူတို့က လေယာဉ်နဲ့ လက်နက်ကြီးပဲ အားကိုးနေရတဲ့ အနေအထားပေါ့၊ကြားထဲက ပြည်သူတွေပဲ အ ထိအခိုက်များတာ၊ ဒါကိုလည်း ကျွန်တော်တို့က အတက်နိုင်ဆုံး ပြည်သူထိခိုက်မှုအနည်းဆုံးဖြစ်အောင်တော့ လုပ် ဆောင်နေပါတယ်၊စစ်ရေးကတော့ ပြင်းထန်လာမှာပါ” လို့ သူကပြောပါတယ်။

လက်ရှိ ရေးမြို့နယ်အတွင်းက ကျေးရွာတွေဘက်မှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက ကားနဲ့ လှည့် လည်ပြီး ပြည်သူတွေ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့၊ တောတောင်ဥယာဉ်ခြံမြေမှာ နေထိုင်ကြတဲ့ ပြည်သူ တွေ လည်း နေအိမ်ကို အမြန်ဆုံး ပြန်လာကြဖို့ လော်စပီကာတွေနဲ့ လိုက်လံအသိပေးမှုတွေ ရှိနေတယ်လို့သိရပါတယ်။

ပုံစာ- မွန်ပြည်နယ်အတွင်းက စစ်ရှောင်ဒေသခံတချို့(ပုံဟောင်း)