စစ်ကောင်စီရဲ့ အွန်လိုင်းထီပထမဆုံးအကြိမ်မှာ ဆုသေးတွေသာထွက်လို့ အားပေးသူတွေမကျေနပ်ကြ

ဇူလိုင်၊ ၁

ဒီကနေ့ဖွင့်လှစ်တဲ့စစ်ကောင်စီရဲ့အောင်ဘာလေထီဖွင့်ပွဲမှာ အွန်လိုင်းထီကနေ ဆုအသေးတွေဘဲ ထွက်ရှိခဲ့ တာ ကြောင့် အဲဒီထီစနစ်ကိုအားပေးနေသူတွေအကြားဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။

“ထီဖွင့်တဲ့ပုံကရိုးမှရိုးရဲ့လားမပြောတတ်ဘူး၊အက္ခရာခြောက်လုံးစီထုတ်ရောင်းတာချင်းအတူတူ ပုံနှိပ်ထီက ချည်းပဲ ဆုကြီးတွေရော၊ဆုသေးတွေရောအဆမတန် ထွက်သွားတာ၊ဒီပုံစံနဲ့ဆိုအွန်လိုင်းထီထိုးမယ့်သူတောင်ရှိမှာ မဟုတ်တော့ဘူး”လို့ စစ်ကောင်စီထီကို အားပေးနေသူတဦးကပြောပါတယ်။

ဇွန်လကမှပထမဆုံးစတင်တဲ့အွန်လိုင်းထီကို ပုံနှိပ်ထီနဲ့အတူဒီနေ့မှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီထီဖွင့်လှစ် ရာ မှာ စစ်ကောင်စီကအမြင့်ဆုံးပေးတဲ့ကျပ်သိန်း ငါးထောင်ဆုကနေ ကျပ်သိန်း ငါးဆယ်အထိဆု ကြီးအားလုံးဟာ ပုံနှိပ်ထီလက်မှတ်ကထွက်တာဖြစ်ပြီး အွန်လိုင်းထီကနေ အမြင့်ဆုံးဆုအဖြစ်ကျပ်သိန်း နှစ်ဆယ် ဆုသာထွက်ခဲ့တယ်လို့ ထီပေါက်စဥ်မှတ်တမ်းတွေအရသိရပါတယ်။

 အွန်လိုင်းထီကနေနောက်ထပ်ထွက်တဲ့ဆုတွေက ကျပ်ဆယ်သိန်းတဆု၊ အက္ခရာနဲ့ရှေ့ဂဏန်းငါးလုံးတူ ကျပ်သုံး သိန်းဆုမဲနှစ်ခု၊ အက္ခရာနဲ့ ရှေ့ဂဏန်း လေးလုံးတူ ကျပ်နှစ်သိန်းဆုမဲနှစ်ခု၊ အက္ခရာနဲ့ ရှေ့ဂဏန်းသုံးလုံးတူ ကျပ် တသိန်းဆုမဲ ခုနှစ်ခု၊ အက္ခရာနဲ့ ရှေ့ဂဏန်းနှစ်လုံးတူ ကျပ်ငါးသောင်းဆုမဲ နှစ်ခု၊ အစားထိုး ကျပ်ငါးသောင်း ဆုနှစ်ဆုနဲ့ အက္ခရာနဲ့ရှေ့ဂဏန်းတလုံးတူ ကျပ်တသောင်းဆုမဲ သုံးခုတို့ဖြစ်ပါတယ်။

စစ်ကောင်စီက ဇွန်လမှာ ပုံနှိပ်ထီကို “က”အက္ခရာကနေ “စ” အက္ခရာအထိ အက္ခရာခြောက်လုံး၊ အွန်လိုင်းထီကို “ဆ”အက္ခရာကနေ “ဌ”အက္ခရာအထိ အက္ခရာခြောက်လုံးထုတ်ရောင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ထီပေါက်ဂဏန်းတွေမှာတော့ ပုံနှိပ်ထီရဲ့ “က”အက္ခရာကနေ “စ”အက္ခရာအတွင်း ဂဏန်းတွေသာ အများဆုံးထွက်ရှိခဲ့တာကြောင့် အွန်လိုင်းထီဝယ်ယူအားပေးခဲ့သူတွေမကျေမချမ်းဖြစ်နေကြတာဖြစ်ပါတယ်။

အခုလို အွန်လိုင်းထီကနေ ဆုအကြီးအပါအဝင် ဆုမဲထွက်ရှိမှုနည်းတာဟာ အဲဒီထီစနစ်ထဲဝင်ရောက်ဝယ် ယူအားပေးသူက နည်းတာကြောင့်လို့ ထီလုပ်ငန်းကျွမ်းကျင်သူတွေကမှတ်ချက်ပြုပါတယ်။

“ရှင်းရှင်းပြောရရင် အွန်လိုင်းထီကအလုပ်မဖြစ်ဘူး၊ စိတ်ဝင်စားသူနည်းတယ်၊ ထီဆုဖွင့်လိုက်တာနဲ့ အွန်လိုင်း ထီအက္ခရာအစုထဲကနေဆိုရင် လက်ကျန်တွေထဲကပဲထွက်နေတယ်၊ထိုးသူနည်းတော့ ဆုထွက်မယ့်အခွင့်အရေး နည်းတာ”လို့ လုပ်သက်ရင့်ထီကိုယ်စားလှယ်တဦးကပြောပါတယ်။

အောင်ဘာလေဌာနရဲ့ထုတ်ပြန်ချက်တွေအရလည်း ဇွန်လအတွင်း ထီအက္ခရာဆယ့်နှစ်လုံးထုတ်ရောင်းခဲ့ပေမယ့် ကျပ်သန်း ၅၁၀၀ ဖိုးခန့်ဘဲ ရောင်းနိုင်ခဲ့တယ်လို့သိရပါတယ်။

အဲဒီပမာဏဟာ ထီအက္ခရာ ဆယ့်နှစ်လုံးရဲ့ ထီ လက် မှတ်အားလုံးရောင်းကုန်ရင်ရမယ့် ငွေပမာဏရဲ့တဝက် လောက်သာရှိလို့ ရောင်းမကုန်ထီလက်မှတ်အများ အပြားရှိခဲ့တယ်ဆိုတာကိုဖော်ပြနေတယ်လို့ စောင့်ကြည့်သူ တွေကဆိုပါတယ်။

အခုထီဖွင့်ပွဲမှာ ပုံနှိပ်ထီကသာ ဆုအများဆုံးထွက်ခဲ့တာကြောင့် အွန်လိုင်းထီကနေ ရောင်းမကုန်ထီ လက်မှတ် ပိုများတယ်ဆိုတာထင်သာစေပြီးအဲဒီထီစနစ်ဟာ စစ်ကောင်စီမျှော်မှန်းသလို အလုပ်မဖြစ်တဲ့သဘောပေါ်လွင် နေတယ်လို့သူတို့ကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဇွန်လအတွင်း အွန်လိုင်းထီနဲ့ပုံနှိပ်ထီတို့ကနေ ထီလက်မှတ်ဘယ်လောက်ရောင်း ရတယ် ဆိုတာအတိအကျမထုတ်ပြန်ခဲ့ပဲ နှစ်ခုပေါင်းရောင်းချနိုင်ခဲ့တဲ့ငွေပမာဏကိုပဲ အသိပေးထုတ် ပြန်ထားပါတယ်။

အဲဒီအောင်ဘာလေထီကို အာဏာသိမ်းပြီးကတည်းက ပြည်သူအများစုက သပိတ်မှောက်ထားကြပြီး လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ဌာနဆိုင်ရာနဲ့သူတို့ကိုအားပေးထောက်ခံသူတွေသာ ဆက်လက်အားပေးနေ ကြတာဖြစ်တယ်လို့ ထီလုပ်ငန်းအသိုင်းအဝိုင်းကဆိုကြပါတယ်။

ပုံစာ -စစ်ကောင်စီလက်ထက် အောင်ဘာလေထီဖွင့်ပွဲတခုမြင်ကွင်း