ဇူလိုင်၊ ၁
စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်အတွင်းက ကော်ကမ်းကျေးရွာမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်အုပ်စုတို့နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က ဒုအရာခံဗိုလ်အပါအဝင် သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ လည်းများတယ်လို့ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ် ( HPDF ) ကရဲဘော်တဦးက DNA ကို အတည်ပြု ပြော ပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းရှိ စစ်အုပ်စု လက်အောက်ခံ ခလရ(၂၇၂)နဲ့ ရှမ်းနီးတပ်မတော်(SNA) ပူးပေါင်းစစ်ကြောင်းက အင်အား ၁၀၀ လောက်နဲ့ ကော်ကမ်းကျေးရွာကို စစ်ကြောင်းထိုးလာရာက တော်လှန်ရေးအင်အားစုတွေနဲ့ ဇွန်လ ၂၈ နဲ့ ၂၉ နှစ်ရက် တိုက်ပွဲဖြစ်ခဲ့ကြတာလို့သူကပြောပါတယ်။
“ အဲနားက PDF ထိုင်ထားတဲ့နေရာတော့မဟုတ်ဘူး၊ဒါပေမယ့် ထောက်ပို့ယူတာတော့ရှိတယ်၊အဲကျေးရွာကိုရှင်းဖို့သူတို့အမိန့်ကျတာပေါ့၊အဲနေ့မှာပဲသူတို့က ချက်ချင်းတက်လာတယ်၊သူတို့ကနောင်ရင်းရွာကိုဝင်တယ်၊ ကျွန်တော် တို့ကတိုက်ပွဲဖြစ်တဲ့ရွာကနေ ဆိုင်ထားတာပေါ့၊သူတို့ကမြေပြန့်ဖြစ်နေတော့ လေယာဉ်နဲ့ပစ်ပြီးဝင်တာ”လို့ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ် ( HPDF )တပ်ဖွဲ့ဝင်ကပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၂၈ရက် မနက်ပိုင်းမှာ စစ်အုပ်စုက ရဟတ်ယာဉ် နှစ်စီးနဲ့ မိနစ် နှစ်ဆယ်လောက် ပစ်ခတ်ဗုံးကြဲပြီးနောက် ဟုမ္မလင်း-ဖောင်းပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်းတို့ နဲ့ တိုက်ပွဲပြင်းထန် ခဲ့ပြီး မိုင်းထိမှန်ခဲ့ တာကြောင့် စစ်အုပ်စုဘက်က လေး ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ HPDF ကထုတ်ပြန်ထားပါတယ်။
ထိုအပြင် ဇွန်လ ၂၉ ရက်နေ့လယ် နှစ် နာရီလောက်မှာ စစ်အုပ်စုက အင်အားထပ်ဖြည့်ပြီး လေယာဉ်နှစ်စီးနဲ့ ပစ်ခတ်ရင်း ထပ်မံထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေထပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယနေ့ တိုက်ပွဲမှာစစ်တပ်က ဒုအရာခံဗိုလ် တစ်ဦး၊ တပ်သား တဦး နဲ့ SNA ရဲဘော် တဦး သေဆုံးခဲ့ပြီး ရုပ်အလောင်းတွေကိုရထားတယ်လို့ HPDF ရဲဘော်တဦးကပြောပါတယ်။
“ ကျွန်တော်တို့ဘက်ကလည်း ပကဖ ရဲဘော်တယောက်နဲ့ PDF ရဲဘော်တယောက်ကျသွားပါတယ်၊ကျွန်နော်တို့သူတို့(စစ်ကောင်စီ)ကိုပြန်တွန်းထုတ်တဲ့အချိန် ကျသွားတာပါ “ လို့ သူကပြောပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်အုပ်စုဘက်က လေကြောင်းကတဆင့်ပေါင် ၅၀၀ ဗုံးသီးတွေအထိ အသုံးပြုတိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေလည်း အဆက်မပြတ်ပစ်ခတ်တာကြောင့် ကော်ကမ်းကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၁၅ လုံးလောက် ပျက်ဆီးခဲ့သလို ပြည်သူနှစ်ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။
“ ပြည်သူနှစ်ဦးကကျတော့ သူတို့လေယာဉ်ပစ်ပြီးချိန်ကျွန်တော်တို့ခဏခွာထားတာလေ၊အဲအချိန် သူတို့မသိပဲ ဆိုင်ကယ်နဲ့ဖြတ်ဝင်သွားချိန် ခွေးတွေနဲ့တွေ့ပြီး လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်သွားတယ်၊အမျိုးသားနှစ်ဦးပါတယောက်ကကော်ကမ်းရွာသား၊နောက်တယောက် တောင်ဒွတ်ကပါ” လို့ HPDF တပ်ဖွဲ့ဝင်ကပြောပါတယ်။
လက်ရှိစစ်အုပ်စုက တိုက်ပွဲဖြစ်ပွားရာနေရာကတဆင့် ဟုမ္မလင်းစစ်တပ်ထဲကို ပြန်လည်ဆုတ်ခွာသွားပေမယ့် နှစ် ဘက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
“အခုကရှင်းလင်းရေးလုပ်နေဆဲမို့ ပြည်သူတွေပေးမဝင်သေးဘူး၊ ပျက်ဆီးသွားတဲ့အိမ်တွေလည်းရှိသလို မိုင်းရန် လည်းကြောက်ရသေးလို့ပါ၊ရွာကနှစ်ရွာပေါင်း လူဦးရေ ၁၀၀၀ လောက်တော့ စစ်ရှောင်နေရတယ် “ လို့ HPDF တပ်ဖွဲ့ဝင်ကပြောပါတယ်။
photo HPDF