စစ်ရေးအရှိန်မြှင့်မယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်၊ လမ်းပိုင်းတချို့သွားလာမှုကိုသတိပေး

ဇူလိုင်၊ ၁

စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်မှုတွေနဲ့ စစ်ရေးအရှိန်မြှင့်တာတွေလုပ်ဆောင်တော့မှာဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက ဒီကနေ့ ဇူလိုင် ၁ ရက်မှာထုတ်ပြန်လာပြီး လမ်းပိုင်းတချို့သွားလာခွင့်နဲ့ပတ်သက်ပြီးလည်းသတိပေးချက်တွေကို ထုတ်ပြန်လာပါတယ်။

ပဲခူးတိုင်းအတွင်းမှာရှိတဲ့  ရန်ကုန် – မန္တလေးလမ်းဟောင်း၊ ရန်ကုန်- မန္တလေး အမြန်လမ်းမ၊ ပဲခူး – စစ်တောင်းလမ်းပိုင်း နဲ့ မွန်ပြည်နယ် ရန်ကုန် – မုတ္တမ၊ ရန်ကုန် – ဘားအံ လမ်းပိုင်းတွေကို နေ့စဉ် ည ၆နာရီကနေ မနက် ၆နာရီအတွင်း သွားလာတာမလုပ်ဖို့ ကို ကြေညာချက်မှာဖော်ပြထားပါတယ်။

 ‘’အခုလိုကြေညာထုတ်ပြီးဆောင်ရွက်ရတာကဘယ်လိုစစ်ဆင်ရေးပဲဆောင်ရွက်ဆောင်ရွက်ပြည်သူထိခိုက်မှုအနည်းဆုံးဖြစ်အောင် စဉ်းစားပြီးဆောင်ရွက်တာဖြစ်လို့ ကြေညာချက်ထုတ်တာဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီနဲ့တပ်စခန်းတွေနဲ့ သူတို့ယာဉ်တန်းတွေနဲ့ အနီးကပ်မနေဖို့မေတ္တာရပ်ခံတယ်။ အိမ်စီးကားတွေနဲ့ ပြည်တွေရဲ့ကားတွေနဲ့ စစ်ကောင်စီကိုသယ်ဆောင်တာ၊ သူတို့ပစ္စည်းလက်နက်ခဲယမ်းတွေသယ်တာမလုပ်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်’’ လို့ တောင်ပိုင်းစစ်ဒေသခွဲ (၂) ရဲ့တာဝန်ခံက DNA ကိုပြောပါတယ်။

 သတ်မှတ်လမ်းပိုင်းတွေမှာ နေ့အချိန်သွားလာရာမှာလည်း မော်တော်ယာဉ်တွေကို မှန်ချမောင်းနှင်ဖို့တာဝန်အရစစ်ဆေးတာတွေကို ကြည်ဖြူစွာခံဖို့နဲ့  ထုတ်ပြန်ချက်တွေကို မလိုက်နာရင်ဖြစ်လာမယ့်အကျိုးဆက်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့လည်း တောင်ပိုင်းစစ်ဒေသခွဲ (၂) ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

ပုံစာ- မွန်ပြည်နယ်အတွင်းကလမ်းပိုင်းတချို့စစ်ဆေးမှုတွေလုပ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့များပုံဟောင်း