ဗီလာရီးရဲလ် တိုက်စစ်မှူး ဂျက်ဆန်ကို နှစ်ရှည်စာချုပ်နဲ့ ချဲလ်ဆီး ခေါ်ယူ

ဇူလိုင်၊ ၁

ချဲလ်ဆီး အသင်းဟာ ဗီလာရီးရဲလ် တိုက်စစ်မှူး နစ်ကိုလက်စ် ဂျက်ဆန်ကို ကာလရှည် စာချုပ်တရပ် ချုပ်ဆိုပြီး အတည်ပြု ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 အသက် ၂၂ နှစ်အရွယ် ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးကို အတိအကျ မထုတ်ပြန်ပေမယ့် ချဲလ်ဆီးက စပိန်ကလပ်ဆီ စတာလင်ပေါင် ၃၂ သန်း ပေးချေခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။ ဂျက်ဆန်ဟာ ပြီးခဲ့တဲ့ ရာသီက စပိန်လာလီဂါ ပြိုင်ပွဲမှာ ၃၈ ပွဲ ကစားပြီး ၁၃ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းဟာ ရာသီသိမ်း ကာလတွေမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး နောက်ဆုံး ၈ ပွဲမှာ ၉ ဂိုးထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

 ဂျက်ဆန်ကို ချဲလ်ဆီးက ၈ နှစ်သက်တမ်း စာချုပ်တရပ် ချုပ်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အခုနွေရာသီမှာ လိုက်ပ်ဇစ်ရဲ့ ပြင်သစ် တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူကို ချဲလ်ဆီးက စတာလင်ပေါင် ၅၂ သန်းနဲ့ ခေါ်ယူမှုနောက်ပိုင်း အသင်းရဲ့ ဒုတိယမြောက် လူသစ် ဖြည့်တင်းမှု ဖြစ်လာပါတယ်။

 ချဲလ်ဆီးဟာ မန်နေဂျာသစ် မော်ရစ်စီယို ပိုချက်တီနိုရဲ့ လက်အောက်မှာ အသင်းလူစာရင်းကို အကြီးစား ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး လက်ရှိ အပြောင်းအရွှေ့ ကာလမှာ နာမည်ကြီး ဝါရင့် ကစားသမားတွေ ဆက်တိုက် ထွက်ခွာနေပါတယ်။

 ဂျက်ဆန်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတုန်းက အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ် ဘွန်းမောက်သ်ဆီ စတာလင်ပေါင် သန်း ၂၀ နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပါသေးတယ်။ အဲဒီတုန်းက သူဟာ ဗီလာရီးရဲလ်မှာ ၂၄ ပွဲကစားပြီး ၃ ဂိုးသာ သွင်းထားနိုင်ပါတယ်။ ဒါပေမဲ့ ဆေးစစ်မှုမှာ အဆင်မပြေ ဖြစ်ရာက အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ပါတယ်။