လိုက်ပ်ဇစ် ကွင်းလယ်လူ ဆက်ဇိုဘော့ဇ်လိုင်ကို စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူဖို့ လီဗာပူး သဘောတူ

ဇူလိုင်၊ ၁

လီဗာပူး အသင်းဟာ ဂျာမန်ကလပ် လိုက်ပ်ဇစ် အသင်းမှာ ကစားနေတဲ့ ကွင်းလယ် ကစားသမား ဒေါမနစ် ဆက်ဇိုဘော့ဇ်လိုင်ကို ယူရို သန်း ၇၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

 တိုက်စစ်အားသန်တဲ့ အသက် ၂၂ နှစ်အရွယ် ဟန်ဂေရီ လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင်ဟာ လီဗာပူးရဲ့ ကာလရှည်ကြာ ပစ်မှတ်တဦးလည်း ဖြစ်ပါတယ်။ ကစားသမားရဲ့ စာချုပ်ပါ ပြောင်းရွှေ့ကြေး သတ်မှတ်ချက်ဟာ ဇွန်လ ၃၀ ရက်နေ့ထိ ယူရို သန်း ၇၀ ဖြစ်ပြီး နောက်တနေ့မှာ စျေးနှုန်း မြင့်တက်သွားမှာပါ။

 လီဗာပူးဟာ အဲဒီ သတ်မှတ်ချက် အကြုံးဝင်နေဆဲ နောက်ဆုံးနေ့ဖြစ်တဲ့ ဇွန် ၃၀ မှာ ဆက်ဇိုဘော့ဇ်လိုင်ရဲ့ စာချုပ် ဖျက်သိမ်းကြေးကို ပေးချေဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းမှာ နယူးကာဆယ် ယူနိုက်တက်ကလည်း ကစားသမားကို ချိတ်ဆက်ခဲ့သေးပေမယ့် လိုက်ပ်ဇစ်က ပြောင်းရွှေ့ကြေး လျှော့မပေးခဲ့တာကြောင့် နောက်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။

 ဆက်ဇိုဘော့ဇ်လိုင်ဟာ လက်ရှိ ဟန်ဂေရီ ဘောလုံးမျိုးဆက်ရဲ့ အတောက်ပဆုံး ကြယ်တပွင့်အဖြစ် သတ်မှတ် ခံထားရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုက်ပ်ဇစ်အတွက် ဂျာမန် ဘွန်းဒစ်လီဂါ အမှတ်ပေးပြိုင်ပွဲ ၃၁ ပွဲထိ ကစားပြီး ၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။

 လီဗာပူးဟာ အခု အပြောင်းအရွှေ့ ကာလမှာ အသင်းရဲ့ ကွင်းလယ် စုဖွဲ့မှုကို အကြီးစား ပြင်ဆင် မွမ်းမံမှုတွေ လုပ်ဆောင်နေပြီး ဘရိုက်တန် အသင်းရဲ့ အာဂျင်တီးနား ကွင်းလယ် တိုက်စစ်သမား အလက်ဆစ် မက်အယ်လစ္စတာကိုလည်း ခေါ်ယူပြီး ဖြစ်ပါတယ်။

 ဆက်ဇိုဘော့ဇ်လိုင်ရဲ့ အပြောင်းအရွှေ့ ညှိနှိုင်းမှုမှာ အစိတ်အပိုင်း တရပ်အနေနဲ့ လီဗာပူးရဲ့ အသက် ၂၀ အရွယ် ပေါ်တူဂီ ကွင်းလယ် တိုက်စစ်သမားလေး ဖေဘီယို ကာဗယ်လ်ဟိုဟာ လိုက်ပ်ဇစ်မှာ တရာသီ အငှားသွားရောက် ကစားမယ်လို့လည်း သိရပါတယ်။