ဇွန်၊ ၃၀
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့ ဇရစ်မြောင်ကျေးရွာ ရာအိမ်မှူး တို့ နှစ်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ဇွန်လ ၃၀ ရက် ဒီကနေ့မနက်မှာ ပစ်ခတ်ခဲ့လို့ နေရာပင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
” ကျွန်တော်တို့က နှစ်ဖက်ခွဲပြီး စောင့်ပစ်တာ၊ သူတို့က ဆိုင်ကယ်နဲ့ လစာထုတ်ပြီး ပြန်လာတဲ့အချိန်ကို စောင့်ပစ်တာ။ ကျွန်တော်တို့ တဖွဲ့နဲ့ တိုးပြီး ရှင်းလိုက်တာ၊ ခြောက်ချက်ပစ်ခဲ့တာ။ နေရာမှာပဲ ပွဲချင်းပြီးသွားတယ်။ သူတို့က ပြည်သူကို အရမ်းဒုက္ခပေးလို့ ရှင်းလင်းတာပါ ” လို့ သာယာဝတီခရိုင်၊ တပ်ရင်း၃၈၀၂၊ တပ်ခွဲ ၃ မှ ဗိုလ်လော်ရိန်းက ပြောပါတယ်။
ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ ရန်ကုန်-ပြည်လမ်း ကားလမ်းဘေးရှိ သပြေစမ်းရွာ အနီးမှာ မင်းလှမြို့က လစာထုတ်ပြီး ပြန်လာတဲ့ ငလှစမ်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်နဲ့ ဇရစ်မြောင်ရွာ ရာအိမ်းမှူး ဦးမြင့်ဌေး တို့နှစ်ဦးကို PDF တွေက ပစ်ခတ်ခဲ့တာပါ။
အုပ်ချုပ်ရေးမှူး ဦးလှမြင့်ဟာ အရင်က ရှင်းလင်းခံလိုက်ရတဲ့ ငလှစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်း နေရာမှာ အစားထိုး ရောက်လာသူဖြစ်ပြီး သူအုပ်ချုပ်ရေးမှူး ဖြစ်ပြီးနောက် PDF တွေရဲ့ အသည်းကို အရက်နဲ့ မြည်းမယ်လို့ ကြွေးကြော်ထားသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဇရစ်မြောင်ရွာ ရာအိမ်မှူး မြင့်ဌေး ကတော့ ကျေးရွာလယ်ယာစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ရာထူး ယူထားပြီး စိုတ်ပျိုးစရိတ် ချေးငွေ မဆပ်နိုင်တဲ့ လယ်သမားတွေကို စစ်တပ်ခေါ် ဖမ်းခိုင်းတာ၊ ချေးငွေတွေကို ခြိမ်းခြောက် တောင်းခံသူတဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးစလုံးဟာ ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်သလို ပျူစောထီးတွေလည်း ဖြစ်ကာ ဒီချုပ် ပါတီဝင်တွေနဲ့ PDF တွေရဲ့သတင်းကို စစ်ကောင်စီတပ်နဲ့ ရဲတွေကို ပေးနေသူလည်း ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့သူတို့ နှစ်ဦးထံကနေ ဖုန်း တလုံးနဲ့ ငွေကျပ် ၃၈၆,ဝဝဝ ကျပ် သိမ်းဆည်းရရှိခဲ့ပြီး အုပ်ချုပ်ရေးမှူး ဦးလှမြင့် ပါလာတဲ့ တလုံးထိုးသေနတ်ကိုတော့ လုံခြုံရေးအရ သိမ်းဆည်းရမိခဲ့ခြင်း မရှိခဲ့မိဘူးလို့ ဗိုလ်လော်ရိန်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်မှာလည်း သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ခွက်မကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းကို ငလှစမ်းကျေးရွာ ဖဲဝိုင်းမှာ သာယာဝတီခရိုင် (ဂဠုန်တပ်ဖွဲ့ ) တပ်ဖွဲ့ (၃)က ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။
“ ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုကို ဒုက္ခပေးနေသည့် စစ်အာဏရှင် ထောက်တိုင်များကို အလျဉ်းသင့်သလို သုတ်သင်ရှင်းလင်းသွားမှာပါ။ ပြည်သူတွေအနေနဲ့ သူတို့အနီးနားမှာ မသွားကြဖို့ မေတ္တာရပ်ခံပါတယ် ” လို့ ဗိုလ်လော်ရိန်က ပြောပါတယ်။
ဓာတ်ပုံ – ဗိုလ်လော်ရိန်