အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေနဲ့ အရောတဝင်လုပ်ရင်း ကိုယ့်မျက်နှာကိုယ် အိုးမည်းသုတ်နေတဲ့ ထိုင်းအစိုးရ

ဇူလိုင်၊ ၁

အာဏာသိမ်း မြန်မာစစ်တပ်နဲ့ အပြည့်အဝ ထိတွေ့ ဆက်ဆံမှုတွေ ပြန်လည်စတင်ပြီး စစ်ဗိုလ်ချုပ်တွေနဲ့ ညှိနှိုင်းမယ့် အစည်းအဝေး တခုကို ပြုလုပ်ဖို့ ရည်ရွယ်ကြောင်း ထိုင်းရဲ့ ကြားကာလ အစိုးရက ကြေညာလိုက်တဲ့နောက် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကြားမှာ အတော့်ကို ဂယက်ထခဲ့ပါတယ်။ ကြားကာလ အစိုးရလို့ သုံးနှုန်းထားတာက လက်ရှိ တာဝန်ယူထားတဲ့ ထိုင်းအစိုးရဟာ ရွေးကောက်ပွဲ ရှုံးနိမ့်ထားပြီး မကြာခင် ရာထူးကနေ နုတ်ထွက်ပေးရတော့မှာမို့ ဖြစ်ပါတယ်။

ထိုင်းအစိုးရရဲ့ လုပ်ပေါက်ဟာ အတော်လေး ကျင့်ဝတ်မဲ့ပြီး ပရမ်းပတာ နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပထမဆုံး အနေနဲ့ အာဆီယံရဲ့ ထိပ်သီး အစည်းအဝေးတွေကနေ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေကို ဖယ်ထုတ်ထားဖို့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ကတည်းက သတ်မှတ်ထားတဲ့ အာဆီယံရဲ့ အခြေခံ သဘောထားကို အတိအလင်း ချိုးဖောက်ရာ ရောက်ခဲ့ပါတယ်။ နောက်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံတခုက အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် ထိတွေ့ပြီး သန္ဓေမမှန်တဲ့ သံတမန်ရေး မူဝါဒမျိုးကို ကျင့်သုံးနေတာ ၂ နှစ်ဆက်တိုက် ကြုံလာမယ့် အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ မနှစ်တုန်းက အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူတဲ့ ကမ္ဘောဒီးယား အစိုးရက ခန့်အပ်တဲ့ အထူးကိုယ်စားလှယ်ကလည်း အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံမှုတွေ ရှိခဲ့တာကြောင့်ပါ။

ကန့်ကွက်မှုတွေ၊ ဝေဖန်မှုတွေ ရှိနေတဲ့ ကြားကနေ ဇွန်လ ၁၈ ကနေ ၁၉ ရက်ထိ ထိုင်းနိုင်ငံမှာ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေး တခုကို ခေါ်ယူခဲ့ပါတယ်။ မကြာခင် ရာထူးပြုတ်တော့မယ့် နိုင်ငံခြားရေး ဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်က အဲဒီ တွေ့ဆုံမှု အစီအစဉ်ကို အိမ်ရှင်အဖြစ် ကမကထ လုပ်ခဲ့ပါတယ်။ ပရာမွတ်ဝီနိုင်က သူ့ရဲ့ ဘောင်ကျော်တဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ မေလတုန်းက အင်ဒိုနီးရှား နိုင်ငံမှာ ကတိထားခဲ့ကြတဲ့ အာဆီယံ ခေါင်းဆောင်တွေကြား အမြင့်ဆုံးအဆင့် နှီးနှော တွေ့ဆုံမှုတွေ ပြန်လည် လုပ်ဆောင်မယ် ဆိုတာကို တိုင်တည်ပြီး အကြောင်းပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီမိုကရေစီ အင်အားစုတွေက ထိုင်းရဲ့ လုပ်ပေါက်ကို ခါးခါးသီးသီး ဝေဖန် ပြစ်တင်ကြပါတယ်။

ဒေသတွင်း နိုင်ငံတွေကြားမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုမှ လက်မခံနိုင်ကြောင်း ထင်ထင်ရှားရှား ပြသတဲ့ တုံ့ပြန်မှုတွေ ရှိလာပါတယ်။ ဥပမာ အာဆီယံ နိုင်ငံတခုဖြစ်တဲ့ စင်ကာပူဆိုရင် သံတမန်ရေးဆန်ဆန် အားနာပါးနာတောင် ငြင်းတာမျိုး မဟုတ်ဘဲ အာဏာသိမ်း စစ်တပ်နဲ့ ထိပ်သီး အစည်းအဝေး အဆင့်ဖြစ်ဖြစ်၊ ယုတ်စွအဆုံး နိုင်ငံခြားရေး ဝန်ကြီး အဆင့်မျိုးမှာဖြစ်ဖြစ် ပြန်လည် တွေ့ဆုံ ဆွေးနွေးတာမျိုးတွေ လုပ်ဆောင်ဖို့ လုံးဝ အချိန် မတန်သေးကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလက်ရစ်ရှ်နန် ကိုယ်တိုင်က ထုတ်ပြောခဲ့ပါတယ်။

အာဆီယံ နိုင်ငံအားလုံးကိုတောင် သိမ်းသွင်းဖို့ အဆင်မပြေခဲ့တဲ့ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် ပယာရွတ် ချန်အိုချာက ထိုင်းနဲ့ မြန်မာဆိုတာ ကုန်းမြေနဲ့ ကမ်းရိုးတန်း နယ်နိမိတ် ကီလိုမီတာ ၃၀၀၀ ကျော် ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်ကြောင်း၊ ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ ရလဒ်တွေဟာ နှစ်နိုင်ငံကြား ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ အရောင်းအဝယ် ကဏ္ဍကို သက်ရောက်မှုတွေ ရှိနိုင်ကြောင်း ဝေ့လည်ကြောင်ပတ်တွေ ပြောဆိုပါတယ်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကတော့ ပိုပြီး ရဲတင်းတဲ့ စကားမျိုးအဖြစ် မြန်မာ့ပြည်တွင်းရေးကို အမှန်တကယ် ကူညီ ဖြေရှင်းပေးချင်တာက ထိုင်းတနိုင်ငံတည်းသာ ရှိကြောင်း၊ တခြား ဘယ်အာဆီယံ နိုင်ငံမှ ဒီကိစ္စမှာ ထိုင်းလောက် အပင်ပန်းခံ ဂရုတစိုက် လုပ်ဆောင်တာ မတွေ့ကြောင်း ပြောကြားခဲ့ပါတယ်။ တနည်းအားဖြင့် မြန်မာ စစ်ခေါင်းဆောင်တွေကို လူရာသွင်းဖို့ ငြင်းဆိုပြီး တောင့်ခံပေးထားတဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို တိုက်ရိုက် စော်ကားလိုက်သလိုပါပဲ။

တကယ်တော့ ရာထူးပြုတ်ခါနီး ထိုင်းအစိုးရဟာ တခြား အာဆီယံ နိုင်ငံတွေရဲ့ သဘောထားကို နားမလည်နိုင်လောက်အောင် တုံးအနေတာ မဟုတ်ပါဘူး။ တကယ်တော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှု မတိုင်ခင်က ထိုင်းဟာ မြန်မာစစ်တပ်ကို လိုလား နွေးထွေးတဲ့ အခြေအနေတွေ ထင်ထင်ရှားရှား မြင်ခဲ့ရပြီးသား ဖြစ်ပါတယ်။ နှစ်နိုင်ငံကြားက စစ်ဗိုလ်ချုပ်တွေကြားမှာလည်း ပုဂ္ဂိုလ်ရေးအရ တိုက်ရိုက်ကျကျ ဆက်ဆံတာမျိုးတွေ​ ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကဆိုရင် ထိုင်းစစ်ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်ဟောင်း ပရမ် တင်ဆူလန်နွန်ဒါက မင်းအောင်လှိုင်ကို သူ့ရဲ့ မွေးစားသားလိုပါပဲလို့ ပြောခဲ့ဖူးတယ်။ ၂၀၁၄ မှာကျတော့ အဲဒီတုန်းက အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ်ရဲ့ ခေါင်းဆောင်တွေဟာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ဖူးတယ်။ မင်းအောင်လှိုင်က နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ထိန်းသိမ်း စောင့်ရှောက်တယ် ဆိုတာဟာ စစ်တပ်ရဲ့ တာဝန်ပဲဆိုပြီး ထိုင်းမှာ အာဏာသိမ်းတာကို အားပေးအားမြှောက် လုပ်ခဲ့ပါတယ်။

တကယ်တော့ ဧပြီလ ကတည်းက မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ထိတွေ့ ဆက်ဆံချင်တဲ့ ထိုင်းရဲ့ သံတမန်ရေး မူဝါဒနဲ့ ပတ်သက်ပြီး စင်ကာပူက ကြိုတင် သတိပေးထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ အစိုးရပိုင် လုပ်ငန်းကြီးတွေနဲ့ စီးပွားရေး ဆက်နွှယ်မှုရှိတဲ့ ရေပေါ်ဆီ အထက်တန်းလွှာတွေက ထိုင်းမှာ မုဗ်ဖော်ဝပ်ပါတီ (MFP) ဦးဆောင်မယ့် အစိုးရသစ် အာဏာရလာရင် မြန်မာနဲ့ ပတ်သက်လို့ ပိုမို ခက်ထန်တဲ့ မူဝါဒတွေ ကျင့်သုံးလာမှာကို စိုးရိမ်ကြပါတယ်။ အကျိုးဆက် အနေနဲ့ PTTကနေတဆင့် မြန်မာဖက်နဲ့ ရေနံ၊ သဘာဝ ဓာတ်ငွေ့ဆိုင်ရာ လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက်နေတာကို ထိခိုက်လာနိုင်တာကြောင့်ပါ။ PTT ဆိုတာက ထိုင်းအစိုးရပိုင် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းစုကြီးဖြစ်ပြီး နှစ်စဉ် PTTကနေ ရရှိတဲ့ ဝင်ငွေဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်တပ်အတွက် ဒေါ်လာ ၁.၃ ဘီလီယံကျော် အထောက်အပံ့ ဖြစ်နေစေပါတယ်။

နောက်ပြီးတော့ ထိုင်းအစိုးရဟာ နှစ်နိုင်ငံ နယ်စပ်ဒေသတွေ အပါအဝင် မြန်မာစစ်တပ်က ပြည်သူလူထုအပေါ် ရက်ရက်စက်စက် ဖိနှိပ်နေတာတွေနဲ့ ပတ်သက်ရင် ဖာသိဖာသာ မျက်နှာလွှဲနေလေ့ ရှိပါတယ်။ မနှစ်တုန်းကဆိုရင် အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေရဲ့ လေတပ်ပိုင် MiG-29 တိုက်လေယာဉ် တစီးဟာ နယ်စပ်ကို ကျော်ပြီး ထိုင်းလေပိုင်နက်ထဲကနေတဆင့် စစ်ရေးပစ်မှတ် တခုကို တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဒီလို အချုပ်အခြာ အာဏာပိုင်နက် ကျူးကျော်ခံရတဲ့ ကိစ္စမျိုးမှာတောင် ပယာရွတ်က ရည်ရွယ်ချက် မပါတဲ့ မတော်တဆ ဖြစ်ရပ်ပါလို့ ဖာဖာထေးထေး ပြောခဲ့ပါတယ်။ ထိုင်းပိုင်နက်ထဲကို မဆိုစလောက် ဝင်ရောက်မိတဲ့ အခြေအနေ မတိုင်ခင်မှာ MiG-29ဟာ ပြန်လှည့်သွားခဲ့ကြောင်း၊ ထိုင်းကလည်း နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ တိုက်လေယာဉ်တွေ စေလွှတ်ပြီး အခြေအနေကို တုံ့ပြန် စောင့်ကြည့်စေခဲ့ကြောင်း ပယာရွတ်က ဆိုပါတယ်။ ဝန်ကြီးချုပ်ရဲ့ မှတ်ချက်က အစောပိုင်းမှာ လေပိုင်နက် ကျူးကျော်ခံရတဲ့အပေါ် အတိအလင်း ဝေဖန် ကန့်ကွက်ထားတဲ့ ထိုင်းလေတပ်ကိုတောင် ပြောစရာစကား မရှိ ဖြစ်သွားစေခဲ့ပါတယ်။

တကယ်လို့ ထိုင်းမှာ အစိုးရ အပြောင်းအလဲဖြစ်ပြီး မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး ခါးသီးလာမယ်ဆိုရင် ထိုင်းဖက်မှာ ထိခိုက် နစ်နာမှုတွေ ရှိလာနိုင်တာက အမှန်ပါပဲ။ ဒါပေမဲ့ အဆိုးတိုင်းမှာ အကောင်းတွေလည်း ဒွန်တွဲနေတတ်တာပါပဲ။ ထိုင်းအစိုးရသစ် လက်ထက်မှာ စာချုပ်တွေကို ပြန်လည် ညှိနှိုင်းတာ၊ ဒါမှမဟုတ် ပြင်ဆင်တာတွေ ရှိလာမယ်ဆိုရင် ထိုင်း၊ တရုတ်နဲ့ ရုရှားတို့လို ဒေသတွင်း အစိုးရတွေဆီက ရရှိတဲ့ ငွေကြေး အထောက်အပံ့တွေနဲ့ အသက်ဆက်နေတဲ့ အာဏာသိမ်း မြန်မာ စစ်ဗိုလ်ချုပ်တွေအတွက် ငွေကြေး စီးဝင်မှု ပင်မလမ်းကြောင်းတွေ ပိုကျပ်တည်းသွားနိုင်ပါတယ်။ မြန်မာ စစ်တပ်အပေါ် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကို ထွေးပွေ့ ကြိုဆိုပြီး စစ်အာဏာရှင်တွေရဲ့ တရားဝင် ရပ်တည်လိုမှုကို ငြင်းပယ်မယ်ဆိုရင် မြန်မာ့အရေးအတွက် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီမှု ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ပိုမို နီးစပ်လာမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကိုယ်တိုင်က အာဏာသိမ်း စစ်တပ်ကနေ ပြောင်းလဲလာတဲ့ ထိုင်းအစိုးရကတော့ လုပ်သင့်လုပ်ထိုက်တာတွေကို ရွေးချယ်မယ့်အစား နိုင်ငံတကာ မျက်နှာစာမှာ ကိုယ့်မျက်နှာကိုယ် အိုးမည်းသုတ်ပြီး ကိုယ့်အရှက်ကိုယ် ခွဲခဲ့ပြန်ပါတယ်။ တရုတ်က ကိုယ်စားလှယ်တွေ အပါအဝင် အနည်းအကျဉ်းလောက်သာ တက်ရောက်ခဲ့တဲ့ ဆွေးနွေးပွဲ ဆိုတာကလည်း မကြာခင် ထိုင်ခုံလွှဲမပေးရခင် လက်ရှိ ထိုင်းအစိုးရဟာ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ကြားက ဆက်ဆံရေးကို အဖတ်ဆယ်ရုံသက်သက်အတွက် ရည်ရွယ်ချက် မမှန်ဘဲ ထလုပ်ခဲ့တာသာ ဖြစ်ပါလိမ့်မယ်။ တကယ်လို့ ထိုင်းကသာ သံတမန်ရေး မူဝါဒနဲ့ ပတ်သက်လို့ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိမယ်ဆိုရင် တံခါးပိတ် ဆွေးနွေးမှုတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ထုတ်ပြန်သင့်တယ် မဟုတ်လား။ ဒါပေမဲ့ ထုတ်ပြန်မှာ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ ၉ နှစ်တာ ကာလအတွင်း ပယာရွတ်ရဲ့ အစိုးရ ပြသခဲ့ဖူးတဲ့ ကောင်းကွက်တွေ ရှိသင့်သလောက် ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ ပတ်သက်ရင်တော့ ထိုင်းအစိုးရဟာ အမိုက်တိုက်ဖုံးတဲ့ ရှုထောင့်ကနေ ချဉ်းကပ်ဖို့ပဲ အတွေးဝင်နေပုံပါပဲ။

 

(Geopolitical Monitorတွင် ဖော်ပြထားသည့် Thailand’s Outgoing Government Disgraces Itself One Last Time on Myanmar ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)