စစ်ကောင်စီရဲ့ လူကယ်ပြန်ဝန်ကြီးဌာနက လူမှုရေးပင်စင်ထောက်ပံ့မှု ထက်ဝက်လျှော့ချ

ဇွန်၊ ၃၀
 
စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လူမှုရေးပင်စင်ထောက်ပံ့ငွေ ကို ထက်ဝက်လျော့ချလိုက်တာကြောင့် သက်ကြီးဘိုးဘွားတွေအနေနဲ့ အခက်တွေ ဖြစ်လာနိုင်တယ်လို့ လက်ရှိလူမှုရေးပင်စင်ထောက်ပံ့မှုနဲ့ ရပ်တည်နေရတဲ့ အဘိုး၊ အဘွားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေက DNA ကို ပြောပါတယ်။
 
” လက်ရှိ ကုန်စျေးနှုန်းရယ်၊ ဆေးဝါးစရိတ်နဲ့က ဘယ်လိုမှ မလောက်ဘူးလေ။ အမေကြီးက အခုက အဆောင်မှာ ငှားနေရတာ။ သားသမီးကလည်း ကျောထောက်၊ နောက်ခံမရှိတော့ လဘယ်လိုလုပ် အဆင်ပြေမှာလဲ။ အခုတောင် အဆောင်ရှင်က အမေကြီးကို သနားလို့ အဆောင်ခ သုံးသောင်းပဲ ယူတာ။ ဒါတောင် အဆင်မပြေဘူးလေ။ စားတာကတော့ တချို့အမေကြီးကို သနားလို့ ညနေစာလေး လာပို့ပေးတာ ရှိတယ်။ ဒါနဲ့ပဲ အဆင်ပြေအောင် နေနေရတာ။ ကြာလာတော့ နေဖို့ထက်၊ သေဖို့ကိုပဲ လိုချင်တော့တယ် ” လို့ လှိုင်သာယာမြို့နယ်က အသက် ၈၇ နှစ်အရွယ် အဆောင်နေ အဘွားတဦးက DNA ကိုပြောပါတယ်။
 
ဒီချုပ်အစိုးရလက်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက် တစိတ်တပိုင်းအဖြစ် နိုင်ငံတွင်းက အသက် ကိုးဆယ်နှစ်နဲ့ အထက် သက်ကြီးရွယ်အိုတွေကို တဦးကို တစ်လကျပ် တသောင်းနှုန်းနဲ့ သုံးလတကြိမ် တနှစ်ကို ငွေကျပ် တသိန်းနှစ်သောင်း စတင်ထောက်ပံ့ပေးခဲ့တာပါ။
 
၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာတော့ အသက် ၈၅ နှစ်နဲ့အထက် အထိပြောင်းလဲသတ်မှတ်ပြီး လက်ရှိအချိန်မှာ သက်ကြီးရွယ်အိုပေါင်း နှစ်သိန်းကျော်ကို လစဉ်ထောက်ပံ့ပေးနေတယ်လို့လည်း လူမှုဝန်ထမ်းဝန်ကြီးဌာနက စာရင်းတွေအရ သိရပါတယ်။
 
ဒါ့အပြင် ဒီချုပ်အစိုးရလက်ထက်မှာ မသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကလေးငယ် အသက် နှစ်နှစ်ခွဲအထိ လစဉ် လူမှုရေးထောက်ပံ့ကြေးပေးတာ အပြင် လူမှုဖူလုံရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့တာလည်း ရှိပါတယ်။
 
လက်ရှိ စစ်အာဏာသိမ်းပြီးချိန်မှာတော့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ လူမှုရေးပင်စင်ကို တကြိမ်ကျပ် သုံးသောင်းနှုန်းနဲ့ နှစ်ကြိမ် ခြောက်သောင်းသာ ထောက်ပံ့ပေးသွားတော့မှာဖြစ်တယ်လို့ ဇွန် ၂၆ ရက်က ကြေညာခဲ့တာပါ။
 
ဒါ့အပြင် အဲဒီလိုလူမှုရေးပင်စင်ထောက်ပံ့ပေးတာဟာ သက်ကြီးပုဂ္ဂိုလ်တွေ ဝင်ငွေလုံခြုံမှုရှိစေဖို့၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်စွမ်းရှိစေဖို့နဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ရယူနိုင်စေဖို့ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။
 
အခုလို လျှော့ချမှုကြောင့် မိသားစုကျောထောက်နောက်ခံမရှိတဲ့ သက်ကြီးဘိုးဘွားတွေ၊ မိသားစုရှိပေမယ့် ထောက်ပံ့မှုမရတဲ့ ဘိုးဘွားတွေအတွက် ဒီပမာဏဟာ ဘဝရပ်တည်ဖို့ မဖြစ်နိုင်တာတွေ ရှိလာနိုင်တဲ့အတွက် အလုပ်နဲ့ရည်ရွယ်ချက် တခြားစီဖြစ်နေတယ်လို့ ဘိုးဘွားတွေအတွက် လူမှုရေးပင်စင်လျှောက်ထားပေးနေသူတဦးက ပြောပါတယ်။
 
” လူမှုရေးပင်စင်လျှောက်တယ်ဆိုတာ တကယ်ဘာမှ မလုပ်စားနိုင်တော့လို့ လျှောက်ကြတာ။ ထောက်ပံ့ပေးနိုင်တဲ့ မိသားစုကပဲ ဖြစ်ဖြစ်၊ ထောက်ပံ့မှု မရှိတဲ့ ဘိုးဘွားပဲ ဖြစ်ဖြစ်ပေါ့။ တသိန်းကျော်တောင် သူတို့အတွက်မလောက်တာ။ ဒါကို တဝက်လျော့တယ်ဆိုတော့ ညီလေးရယ် ဘိုးဘွားတွေအတွက် စိတ်တော့ မကောင်းဘူး။ မလုပ်သင့်ဘူး။ တစ်ခြားကဏ္ဍတွေကနေ လျှော့ချမယ်ဆိုရင် လျော့ချစရာ အများကြီးပါ ” လို့ ဘိုးဘွားတွေအတွက် လူမှုရေးပင်စင်လျှောက်ထားပေးနေသူတဦးက ပြောပါတယ်။
 
အခုလို လူမှုရေးပင်စင်ထောက်ပံ့မှု အပေါ် ထက်ဝယ်လျော့ချတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို DNA သတင်းဌာနအနေနဲ့ ဆက်သွယ်မေးမြန်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးဘူး။
 
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ရေးအသုံးစရိတ်ဘက်ဂျက် ရဲ့ ၂၈ ရာခိုင်နှုန်းကျော် အထိ ရောက်ရှိနေပေမယ့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (လူကယ်ပြန်)ရဲ့ ဘက်ဂျက်တော့ တစ်ရာခိုင်နှုန်း မပြည့်တာကို တွေ့ရပါတယ်။
 
စစ်ရေးအသုံးစရိတ်ဟာ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်မှာ ၁၀ ဒဿမ ၆၆ ရာခိုင်နှုန်း၊ ၂၀၂၂- ၂၀၂၃မှာ ၂၀ ဒဿမ ၅၈ ရာခိုင်နှုန်းနဲ့ ၂၀၂၃- ၂၀၂၄ မှာ ၂၈ ဒဿမ ၂၃ ရာခိုင်နှုန်း အသီးသီးရှိချိန်မှာ လူကယ်ပြန်ဘက်ဂျက်တော့ ၀ ဒဿမ ၃၃ ရာခိုင်နှုန်း၊ ၀ ဒဿမ ၅၂ ရာခိုင်နှုန်းနဲ့ ၀ ဒဿမ ၄၁ ရာခိုင်နှုန်းသာ ရှိနေတာပါ။
 
ဓာတ်ပုံ​ – လူမှုဝန်ထမ်းဦးစီးဌာန။​