မြိတ်မှာ ကုရ်ဘာနီ အီးဒ်ပွဲတော် လုပ်သူတချို့ ဒဏ်ငွေရိုက်ခံရ

ဇွန်၊​ ၃၀
 
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်က အစ္စလာမ် ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ကုရ်ဘာနီ အီးဒ်ပွဲတော် ပြုလုပ်သူတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငွေဒဏ်ရိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
 
ကုရ်ဘာနီလုပ်မယ့် နွားတွေကို ဗလီမှာ မသတ်ဘဲ နေအိမ်ကို ယူလာပြီး သတ်လို့ဆိုကာ အစ္စလာမ်ဘာသာဝင် ငါးဦးခန့် ငွေဒဏ်ရိုက်ခံခဲ့ရတာလို့ သိရပါတယ်။
 
” နှစ်တိုင်းလည်း အိမ်မှာ လုပ်နေကျပဲ၊ ဗလီမှာက နွားများတော့ လုပ်ဖို့ အဆင်မပြေလို့ အိမ်ယူလာပြီးလုပ်တာ၊ အဲလိုလုပ်နေတုန်း စစ်တပ်က ကင်းပတ်တာနဲ့တွေ့ပြီး ငွေဒဏ်ရိုက်ခံလိုက်ရတာ။ အသိတယောက်ကတော့ ပိုက်ဆံ တသိန်းနဲ့ နွားပေါင်တဖက် ပေးလိုက်ရတယ်။ နှစ်သိန်း၊ သုံးသိန်း ပေးရတဲ့လူတွေလည်း ရှိတယ်၊ လူကို ဖမ်းသွားတာတော့ မရှိဘူး ” လို့ မြိတ်မြို့ခံ အစ္စလာမ်ဘာသာဝင်တဦးက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေကတော့ အီးဒ်နေ့ မတိုင်ခင်က ဗလီဆရာတွေကို ခေါ်ပြီး ကုရ်ဘာနီ လုပ်တာကို အီးဒ်နေ့တရက်တည်း အပြီးလုပ်ဖို့၊ အိမ်တွေမှာ မလုပ်ဘဲ ဗလီမှာသာ လုပ်ဖို့နဲ့ မလိုက်နာတဲ့သူတွေကို အရေးယူမယ်ဆိုပြီး ကြိုသတိပေးထားတယ်လို့ သိရပါတယ်။
 
” ဗလီဆရာတွေဘက်ကလည်း အိမ်မှာမလုပ်ဖို့ အသိပေးထားတယ်၊ ဒါပေမယ့် အဲဒါကို မသိလိုက်တဲ့ သူတွေလည်း ရှိမှာပေါ့။ အိမ်မှာလုပ်တဲ့သူတွေရဲ့အိမ်ကို စစ်တပ်ကလာပြီး ဖမ်းမယ် အရေးယူမယ် ဗလီမှာပဲ လုပ်ခိုင်းတာ အိမ်မှာလုပ်တာ တရားမဝင်ဘူးဘာညာ ခြိမ်းခြောက်တာ။ အိမ်ရှင်က ညှိတော့မှ အသားတချို့နဲ့ ပိုက်ဆံယူပြီး ပြန်သွားတာ၊ ဗလီမှာ လုပ်မှ တရားဝင်တဲ့ သဘောမျိုးနဲ့ မတရားလိုက်လုပ်တာ၊ သူတို့စားဖို့ရိက္ခာ လိုက်လုရင်း လမ်းကြုံငွေပါ ရှာသွားတာပေါ့ ” လို့လည်း အခြား အစ္စလာမ်ဘာသာဝင် မြို့ခံတဦးက ပြောပါတယ်။
 
ဒါ့အပြင် အရင်နှစ်တွေကတော့ အီးဒ်နေ့နဲ့ နောက်နှစ်ရက် စုစုပေါင်း သုံးရက်အတွင်း ကုရ်ဘာနီ လုပ်လို့ရပေမယ့် ဒီနှစ်မှာတော့ အီးဒ်နေ့တရက်တည်းမှာပဲ အပြီးသတ် လုပ်ခိုင်းတယ်လို့လည်း သိရပါတယ်။
 
Delta News Agency သတင်းဌာနအနေနဲ့ကတော့ ကုရ်ဘာနီ အီးဒ်ပွဲတော် လုပ်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က မြိတ်မြို့မှာ ဘာလို့ အခုလိုကန့်သတ်တာလဲ ဆိုတာကို အသေးစိတ်မသိရပါဘူး။
 
အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်နေ့ဖြစ်တဲ့ ကုရ်ဘာနီ အီးဒ်နေ့မှာ နွား၊ ကျွဲ၊ ဆိတ်၊ သိုး၊ ကုလားအုတ် စတာတွေကို ဘာသာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သတ်ပြီး ရလာတဲ့ အသားတွေကို လူမျိုးဘာသာမရွေး ပေးကမ်းလှူဒါန်းတာကို ကမ္ဘာတဝှမ်း ပြုလုပ်ကြပါတယ်။
 
ဓာတ်ပုံ – The Thanintharyi Times