ဆားတပွင့်ထက် သေးတဲ့ လက်ကိုင်အိတ်ကို ဒေါ်လာ ခြောက်သောင်းကျော်နဲ့ လေလံတင်ရောင်းချ

ဇွန်၊ ၃၀

ဆားတပွင့်စာ အရွယ်ထက်တောင် သေးငယ်ပေမယ့် အင်္ဂါရပ်အားလုံး စုံစုံညီညီနဲ့ ဖန်တီးထားတဲ့ လက်ကိုင်အိတ်လေး တလုံးကို လေလံပွဲမှာ ဒေါ်လာ ၆၄၀၀၀ နီးပါးနဲ့ ရောင်းချခဲ့ပါတယ်။

လူပြောများတဲ့ စိတ်ကူးဆန်းဆန်းနဲ့ အနုပညာ ပစ္စည်းတွေ ရောင်းချရာမှာ နာမည်ကျော်တဲ့ MSCHFက အဲဒီ အစိမ်းရောင် အိတ်သေးသေးလေးကို လေလံတင်ခဲ့တာ ဖြစ်ပါတယ်။ အိတ်လေးရဲ့ အရွယ်အစားဟာ ၆၅၇x၂၂၂x၇၀၀ မိုက်ခရိုမီတာသာ ရှိပါတယ်။ အဲဒီအိတ်ကလေးကို အနုကြည့် မှန်ပြောင်းတခုရဲ့ အောက်မှာ ထားပြီး ပြသထားရတာ ဖြစ်ပါတယ်။

အရွယ်အစားက ဘယ်လောက်တောင် သေးသလဲဆိုရင် အိတ်တခုလုံးကို အပ်နဖားပေါက်ထဲကတောင်​ ချောင်ချောင်ချိချိ ဖြတ်သန်းပြီး အရွှေ့အပြောင်း လုပ်လို့ရတယ်လို့ MSCHFက ညွှန်းဆိုပါတယ်။ ဘရွတ်ကလင်မှာ အခြေစိုက်တဲ့ အဲဒီကုမ္ပဏီဟာ အရင်တုန်းကလည်း လူ့သွေးကို ထည့်သွင်း အသုံးပြုထားတဲ့ ရှူးဖိနပ်တွေ၊ အောက်ဖက် ခြေနင်းခုံထဲမှာ ရေမန်းထည့်ထားတဲ့ ဖိနပ်တွေ စတာမျိုးတွေ ဖန်တီးခဲ့ဖူးပါတယ်။

အခု လက်ကိုင်အိတ်လေးကိုတော့ အမည်မဖော်လိုသူ တဦးက ဒေါ်လာ ၆၃၇၅၀ နဲ့ ဝယ်ယူသွားခဲ့ပါတယ်။ အိတ်လေးအတွက် ကြမ်းခင်းစျေးက ဒေါ်လာ ၁၅၀၀၀ နဲ့ စတင်ခဲ့တာပါ။

အိတ်ရဲ့ ဒီဇိုင်းဟာ နာမည်ကျော် LV အမှတ်တံဆိပ်ကို မှီငြမ်းထားပေမယ့် အိတ်လေးကို တည်ဆောက်တဲ့ ပရောဂျက်ဟာ LVနဲ့ လုံးဝ ဆက်နွှယ်မှု မရှိခဲ့ပါဘူး။ အိတ်ကို ဖန်တီးဖို့အတွက် အထူးပြုလုပ်ထားတဲ့ ဖိုတိုပိုလီမာ အရည်ကို 3D Print နည်းပညာနဲ့ ပေါင်းစပ်ပြီး အရမ်းသေးငယ်တဲ့ ထုတ်ကုန်တွေအတွက် သီးသန့် ရည်ရွယ်ထားတဲ့ စက်ပစ္စည်းတွေကို အသုံးပြုခဲ့ရပါတယ်။ 

LVရဲ့ ဒီဇိုင်းကို မှီငြမ်းဖို့ အတွက်တော့ သူတို့က ခွင့်မတောင်းထားရသေးဘူးလို့ MSCHFရဲ့ ဖန်တီးမှုဌာန အကြီးအကဲ ကီဗင် ဝေ့စ်နာက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ LV အနေနဲ့ ဒီလို ထူးခြားတဲ့ တီထွင်ဖန်တီးမှုနဲ့ ပတ်သက်လို့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ကြောင်း သူက ဆိုတယ်။ ပြင်သစ်အခြေစိုက် ကမ္ဘာကျော် တန်ဖိုးကြီး ဖက်ရှင် ကုမ္ပဏီကြီး LVကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးဘူးလို့ သိရပါတယ်။

 

Ref: BBC