ပုသိမ်ကြီးမှာ စစ်ကောင်စီက ဖယ်ရှားမယ့် ကျေးရွာနဲ့ နေအိမ်တွေ ထပ်တိုးလာ

ဇွန်၊ ၃၀
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာ လယ်ယာမြေအပေါ် အကွက်ရိုက်နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဖျက်ဆီးမယ့် ကျေးရွာနဲ့ နေအိမ်အရေအတွက် ထပ်တိုးလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ပုသိမ်ကြီးမြို့နယ် ၁၉ လမ်းနဲ့ အရှေ့မြို့ပတ်လမ်း အနီးရှိ တဲကုန်း၊ သလဲကုန်း၊ ဂွေ့ကြီးကုန်း ကျေးရွာတွေ အပါအဝင် ဘိုတက်ကုန်း၊ သန့်စင်ကုန်း ရွာတွေဖက်က လယ်ယာမြေအပေါ် ဆောက်လုပ်ထားတဲ့ နေအိမ်တွေကို ဖယ်ရှားပေးဖို့ အသိပေးစာတွေ လာရောက်ကပ်သွားတယ်လို့ ဆိုကြပါတယ်။
 
“ မနေ့ကပဲ ကျွန်မတို့ အိမ်တွေဖက် ဖယ်ပေးရမယ်ဆိုပြီး စာလာကပ်သွားတယ်။ သူတို့ဖျက်မယ့် အိမ်စာရင်းနေမယ် အမှတ်အသားတွေလည်း လုပ်သွားတယ်။ ဝယ်ထားတာ ဘာမှမကြာသေးဘူး။ ကျွန်မတို့ ရွာတွေဖက် စစ်ကြောင်းတွေရှိတော့ မနေရဲလို့ ဒီဖက်ဝယ်နေတာ အခုမှ အဆောက်အဦးလေး ပြီးတယ်။ အခုဖျက်ရမယ်ဆိုတော့ ဘာဆက်လုပ်ရမှန်းကို မသိတော့ဘူး “ လို့ ဂွေ့ကြီးကုန်းကျေးရွာ နေထိုင်သူတဦးက ပြောပါတယ်။
 
ဒါ့အပြင် လမ်း ၃၀ နဲ့ အရှေ့မြို့ပတ်လမ်းထောင့် အနီးနားရှိ နန်းဦးလွင် ကျေးရွာအုပ်စု၊ နန်းဦးလွင်ရွာ ရှိ နေအိမ်တွေကို တရားမဝင်ကျူးကျော် ဆောက်လုပ်ထားတယ်ဆိုကာ ဖယ်ရှားပေးဖို့ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ က ဒီလ ၂၆ ရက်မှာ အသိပေးစာ ထုတ်ပြန်ထားတာပါ။
 
အဲဒီနောက်အခုလို့ ပုသိမ်ကြီးမြို့နယ်ထဲက တခြားကျေးရွာတွေက နေအိမ်တွေကို ဖယ်ရှားဖို့ အသိပေးတာ၊ စာကပ်တာတွေကို ဆက်လက်လုပ်ဆောင်လာတာလို့ ဒေသခံတွေက ဆိုကြပါတယ်။
 
စစ်ကောင်စီရဲ့ အသိပေးစာအရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) ရရှိထားတဲ့ မြေကွက်တွေအပေါ်မှာ တိုက်တာအိုးအိမ် ဆောက်လုပ်ထားသူတွေနဲ့ လယ်ယာမြေကို အကွက်ရိုက်ရောင်းချသူများထံမှာ ဝယ်ယူထားသူတွေရဲ့ နေအိမ်တွေဟာ လာမယ့်ဇူလိုင်လ ပထမအပတ်အတွင်း အပြီးတိုင်ဖျယ်ရှားပေးဖို့ ရှိနေတာပါ။
 
စစ်ကောင်စီက ဖယ်ရှားရမယ့် နေအိမ်တွေရှေ့မှာ သင်္ဘောဆေးအနီရောင်နဲ့ ကြက်ခြေခတ်သင်္ကေတ လုပ်တာ၊ နံပါတ်စဉ်တွေ ရေးသားပြီး အမှတ်အသားတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
လက်တလောမှာ စစ်ကောင်စီက ဖယ်ရှားပေးဖို့ အသိပေးထားတဲ့နေရာတွေမှာ အိမ်ခြေပေါင်း ထောင်နဲ့ချီရှိသလို အဆင့်ဆင့်ပြန်လည်ဝယ်ယူ နေထိုင်ကြသူတွေ အများစု ပါဝင်တဲ့အတွက် တန်ဖိုးမြင့် နေအိမ်တိုက်တာအဆောက်အဦးတွေကိုလည်း ဆောက်လုပ်ထားကြတာပါ။
 
မန္တလေးမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ကျူးကျော်ရှင်းလင်းရေးအဖွဲ့ ဖွဲ့ပြီး မြို့နယ်တိုင်လိုလိုမှာ ရထားသံလမ်း၊ ဓာတ်တိုင်၊ တာဝါတိုင်နဲ့ နီးကပ်တဲ့ နေအိမ်တွေကို ကျူးကျော်ဆိုပြီး ရှင်းလင်းနေတာပါ။
 
အာဏသိမ်းနှစ်နှစ်ကျော်အတွင်း ကျူးကျော်ဟုဆိုကာ ရှင်းလင်းခံရတဲ့ နေအိမ်ပေါင်း သောင်းချီရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုထားကြပါတယ်။
 
ဓာတ်ပုံ​ – CJ