မျှော်လင့်ချက် ပျောက်ဆုံးသွားတဲ့ အနာဂတ် ခေါင်းဆောင်များ

ဇွန်၊​ ၃၀

 
‘’ အသက် ၁၃နှစ်ပါ။ အလုပ်ချိန် တနေ့ကို ဆယ်နာရီပါ။ စစဝင်ချင်း ဂျပ်ဖာဗူးတွေ သုံးဖာထမ်းရတယ်။ နောက်ပိုင်းထမ်းရတာ ငါးဖာဖြစ်လာတယ်။ ပစ္စည်းတွေကားပေါ်တင်ချလည်းလုပ်ရတယ်။ တရက် ခြောက်ထောင် ရပါတယ်။ ထမင်းစာချိန်က နာရီဝက်ရတယ်။ အလုပ်မှာ စည်းကမ်းကတော့ ထမင်းစားချိန်မရောက်သေးရင် ထမင်းလုံးဝစားလို့မရဘူး ။ တခါတလေလည်းဗိုက်အောင့်တယ်’’
ရွှေပြည်သာမြို့နယ်ထဲကစက်ရုံတရုံမှာအလုပ်လုပ်နေတာမောင်နိုင်ဦးအောင်လို့အသက်မပြည့်သေးတဲ့ကလေးငယ်တွေဆယ်ဦးထက်မနည်းရှိနေတယ်လို့ အသက်၁၃နှစ်အရွယ်ကလေးလုပ်သားတဦးဖြစ်တဲ့မောင်နိုင်ဦးအောင်က ပြောပြပါတယ်။
ကိုဗစ်ကြောင့် ၂၀၂၀ ပြည့်နှစ်က ကျောင်းတွေပိတ်ပြီး ပြန်ဖွင့်ချိန်မှာတော့ မိသားစုကျပ်တည်းမှုကြား မောင်နိုင်ဦးအောင်တယောက်စာသင်ခန်းကိုပြန်မရောက်နိုင်တော့ပဲလုပ်ငန်းခွင်ထဲကိုအချိန်မတိုင်ခင်ရောက်ခဲ့ရတယ်လို့ဆိုပါတယ်။
လက်ရှိလုပ်ငန်းခွင်ထဲမှာဆိုရင်လည်း အရွယ်နဲ့ မမျှတဲ့ အလုပ်တွေကို တနေ့ကို ဆယ်နာရီခန့်လုပ်နေရပြီးလုပ်ခလစာမှာလည်း လူကြီးတွေထက် နှစ်ထောင်ကျပ်ပိုနည်းတယ်လို့ မောင်နိုင်ဦးအောင်ကဆိုပါတယ်။
ကုလသမဂ္ဂက၂၀၂၁ခုနှစ်ကိုကလေးအလုပ်သမားပပျောက်ရေးနှစ်အဖြစ်သတ်မှတ်လိုက်ချိန်မှာပဲစစ်အာဏာသိမ်းခံလိုက်ရတဲ့ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းမှုကကလေးတွေကိုလမ်းမတွေပေါ်လုပ်ငန်းခွင်တွေပေါ်ရောက်ဖို့ တွန်းပို့လိုက်တဲ့အခြေအနေတရပ်ဖြစ်လာနေပါတယ်။
 
အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံတဝန်းမငြိမ်မသက်မှုတွေနဲ့အတူအလုပ်အကိုင်အခွင့်အလမ်းရှားပါးတာ၊ ကုန်ဈေးနှုန်း နဲ့ နေထိုင်စားသောက်စရိတ်ကြီးမြင့်မှုတွေရှိလာပေမယ့် လုပ်အားခတွေထပ်တိုးမရတာတွေနဲ့ မိသားစုဝင်ငွေမလောက်ငမှုတွေဖြစ်လာပြီးစီးပွားရေးကျပ်တည်းမှုနဲ့ ဆင်းရဲနွမ်းပါးမှုကြားမှာ ကလေးငယ်တွေဟာလည်း မိသားစုရှင်သန်ရပ်တည်ရေးအတွက်ရရာအလုပ်ကိုဝင်ရောက်လုပ်ကိုင်ရတဲ့အခြေအနေဖြစ်လာပါတယ်။
 
အရပ်သားအစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာတော့ ကလေးလုပ်သားပပျောက်ရေးကို ၁၅နှစ်စီမံကိန်းနဲ့လုပ်ဆောင်ခဲ့ပြီး ၂၀၂၀ ကိုဗစ်ကာလမှာ အထိုက်အလျောက်အားနည်းမှုရှိသွားသလို ၂၀၂၁ခုနှစ်၊ စစ်အာဏာသိမ်းချိန်မှာတော့ အားလုံးရပ်ဆိုင်းသွားခဲ့တာဖြစ်တယ်လို့ ကလေးလုပ်သားအရေးတက်ကြွလှုပ်ရှားသူတွေကဆိုကြပါတယ်။
‘’ကိုဗစ်ကာလကတည်းက ကလေးလုပ်သားတွေမြင့်တက်ခဲ့တယ်ဆိုပေမယ့် အဲဒီတုန်းက ကလေးလုပ်သားအရေးကို ပေါ်ပေါ်ထင်ထင်ပြောလို့ဆိုလို့ရခဲ့တယ်။ ဒီအချိန်မှာတော့ နိုင်ငံရေး မတည်မငြိမ်မှု ဆင်းရဲ နွမ်းပါးမှု စီးပွါးရေးမတည်မငြိမ်မှုတွေ ဆိုတော့ အဲ့တာတွေကိုအခြေခံပြီးတော့မှ ကလေးလုပ်သား တွေ မြင့်တက်လာလိမ့်မယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်’’ လို့ ဧရာဝတီ ဥပဒေပညာသင်ကျောင်း (Irrawaddy Law School) ရဲ့ ဒါရိုက်တာ ဦးမင်းသွင်က ဆိုပါတယ်။
🔸စာအုပ်ထဲမှာသာကျန်တော့တဲ့ ကလေးအလုပ်သမားဥပဒေ
မြန်မာနိုင်ငံရဲ့ ဥပဒေတွေမှာ ကလေးသူငယ်နဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေ၊ ၁၉၅၁ ခုနှစ်ဖွင့်ရက်နဲ့ပိတ်ရက်ဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ အဲ့ဥပဒေတွေမှာ ကလေးသူငယ်နဲ့ပတ်သက်တဲ့ အခွင့်အရေးတွေနဲ့ ကာကွယ်စောင့်ရှောက်ရေးပြဌာန်းချက်တွေပါဝင်ပါတယ်။
စက်ရုံ၊အလုပ်ရုံ၊လုပ်ငန်းခွင်တွေမှာရှိတဲ့အသက်၁၄နှစ်မှ၁၈နှစ်အောက်ကလေးအလုပ်သမားတွေဆိုရင် မြန်မာနိုင်ငံရဲ့တည်ဆဲ၁၉၅၁ခုနှစ်၊အလုပ်ရုံများအက်ဥပဒေအရသူတို့ရဲ့ရပိုင်ခွင့်တွေသတ်မှတ်ပြဋ္ဌာန်းထားပါတယ်။
အဲဒီဥပဒေမှာတော့ကလေးအလုပ်သမားတွေဟာ အလုပ်လုပ်နိုင်စွမ်းရှိကြောင်း အသိအမှတ်ပြုလက်မှတ် Fitcertificate ယူပြီးမှခိုင်းစေခွင့်ပြုဖို့၊တနေ့အလုပ်ချိန်လေးနာရီသာခိုင်းစေဖို့၊တရက်ထဲမှာလုပ်ငန်းခွင်တခုကနေ အခြားတနေရာကိုပြောင်းရွှေ့လုပ်ကိုင်ခွင့်မပြုဖို့စသဖြင့်ပြဋ္ဌာန်းထားတာတွေကတော့ ဥပဒေထဲမှာရှိနေပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ ကလေးလုပ်သားတွေဟာ ဖိအားပေးခိုင်းခံရတာတွေရှိနေပါတယ်။
” ဥပဒေပိုင်းကိုဖော်ဆောင်နိုင်ဖို့ကတော့ တကယ်ကိုအားနည်းတယ်။ ဘယ်လိုအလုပ်တွေကတော့ လုပ်ခွင့်မရှိပါဘူးလို့ ပြဌာန်းချက်တွေရှိတယ်။ နောက်ပြီးတော့ လူကြီး အလုပ်ချိန်က တရက် ရှစ်နာရီဆိုလို့ရှိရင် မိသားစု အခြေနေကြောင့်ပေါ့နော်။ ဒါမှမဟုတ် တခြားအခြေအနေ တခုခုကြောင့် မဖြစ်မနေ အလုပ်လုပ်ရတဲ့ ကလေးတွေရဲ့ အလုပ်လုပ်ချိန်က တနေ့က လေးနာရီပဲ ‘’ လို့ ဧရာဝတီ ဥပဒေပညာသင်ကျောင်း (Irrawaddy Law School) ရဲ့ ဒါရိုက်တာ ဦးမင်းသွင်က ထောက်ပြပြောဆိုပါတယ်။
ဒါပေမယ့် အခုချိန်မှာတော့ အနိမ့်ဆုံးလုပ်ခလစာတရက် ၄၈၀၀ တောင်မရဘဲနဲ့လုပ်ခ ခေါင်းပုံဖြတ်ခံနေရမှုဟာ မောင်နိုင်ဦးအောင်လို ကလေးလုပ်သားတွေ အခုလိုကာလမှာပိုပြီးကြုံတွေနေရသလို အဲဒီလိုအခြေအနေတွေကို လူမှုဝန်ထမ်းရုံးကို သွားတိုင်လို့ လည်း ဦးမင်းသွင်က အကြံပြုပါတယ်။
‘’ကျွန်တော်တို့ စဉ်းစားတာကြတော့ ကလေးတယောက်လာတိုင်တာကို ရုံးတွေ အနေနဲ့ အလေးနက်ထားပြီး လုပ်ပေးမှာလားပေါ့နော် ။ပြီးတော့ ကလေးကိုယ်စား မိသားစုကလဲ သွားတိုင်လို့ရတယ်။ ကျွန်တော်တို့ မိသားစုဝင်တွေ အနေနဲ့လဲ ဒီကာလ ဒီလိုချိန်မှာ မသွားရဲကြဘူး’’ လို့ ဧရာဝတီ ဥပဒေပညာသင်ကျောင်း (Irrawaddy Law School) ရဲ့ ဒါရိုက်တာ ဦးမင်းသွင်က ထောက်ပြပြောဆိုပါတယ်။
ဒီလိုအခြေအနေမှာလည်း အလုပ်သမားအဖွဲ့အစည်းလို အလုပ်သမားသမဂ္ဂလို နေရာတွေကိုအကူအညီတောင်းဖို့ရာမှာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့လက်အောက်မှာ အလုပ်သမားတွေကိုယ်တိုင်က အခွင့်အရေးချိုးဖောက်မှုတွေ ဘက်ပေါင်းစုံကခံနေရချိန်ဖြစ်တယ်လို့ဆက်ပြောပါတယ်။
 
မြန်မာနိုင်ငံမှာအလုပ်လုပ်ကိုင်နိုင်တဲ့အငယ်ဆုံးအသက်အရွယ်ဟာ ၁၄နှစ်ဖြစ်ပြီး
အသက် ၁၄ နှစ်အောက်တွေကို မည်သည့်လုပ်ငန်းခွင်တွေမှာမှ အလုပ်ခိုင်းစေခွင့်မရှိကြောင်း ဥပဒေအရ ပြဌာန်းထားရှိပါတယ်။
 
အသက် ၁၄ နှစ်အောက်ကလေးတွေကို အလုပ်ခိုင်းစေခြင်းက ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့်အလုပ်ဌာနများအက်ဥပဒေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ တွေနဲ့ ထောင်ဒဏ်၊ ငွေဒဏ် ၂ မျိုးလုံး အရေးယူခံရနိုင်တယ်လို့ ဆိုပါတယ်။
 
၂၀၂၂ခုနှစ်၊ဇွန်လ UN Child Rights Committee ရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်းကလေးဦးရေစုစုပေါင်းရဲ့တစ်ဝက်ခန့် ၇ ဒဿမ ၈သန်းဟာ ကျောင်းပြင်ကိုရောက်ရှိနေပြီး ကလေးသူငယ်နှစ်သိန်းခွဲကျော်ဟာ စစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။
 
အခုဇွန်လ ၁၅ရက်မှာကျရောက်တဲ့ ကမ္ဘာလုံးဆိုင်ရာကလေးလုပ်သားပပျောက်ရေးနေ့မှာလည်း မြန်မာနိုင်ငံမှာ အသက် ငါးနှစ်ကနေ ၁ရနှစ်ကြားကလေးငယ် တသန်းကျော်ဟာ ကလေးလုပ်သားအဖြစ်အလုပ်လုပ်ကိုင်နေရတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ကထုတ်ပြန်လာပါတယ်။
‘’ လူမှုတရားမျှတမှု ဖော်ဆောင်ဖို့နဲ့ ကလေးလုပ်သားအဆုံးသတ်စို့’’ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့ ILO က တိုက်တွန်းထားပေမယ့် အာဏာသိမ်းမှုအောက်မှာ လူ့အခွင့်အရေးနဲ့တရားမျှတမှုတွေပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံမှာတော့ ကလေးလုပ်သားအရေးအတွက် အာဏာသိမ်းစစ်ကောင်စီက ကလေးလုပ်သားအရေးအတွက်လျစ်လျူရူထားတဲ့အခြေအနေဖြစ်နေပါတယ်။
 
🔸အရေအတွက်ပိုများလာတဲ့ ဈေးရောင်း၊ တောင်းရမ်းစားသောက်နေရတဲ့ လမ်းဘေးကလေးငယ်တွေ
 
စစ်အာဏာသိမ်းနောက်ပိုင်းမှာ ပထမဆုံးပြန်လုပ်ဆောင်လာတဲ့ ရန်ကုန်မြို့က လမ်းဘေးစာသင်ဝိုင်းလေးတွေမှာလည်းပညာသင်ယူချင်တဲ့လမ်းဘေးကလေးလုပ်သားလေးတွေအများကြီးရှိနေတယ်လို့ ရေချမ်းစင်စာသင်ဝိုင်းတည်ထောင်သူ ကိုဖြိုးဆိုပါတယ်။
 
ရန်ကုန်မြို့က မီးပွိုင့်နဲ့လူစည်ကားရာနေရာတွေမှာ ဈေးရောင်းနေတဲ့ ကလေးငယ်တွေအပြင်တောင်းရမ်းစားသောက်တဲ့ လမ်းဘေးကလေးငယ်တွေ နဲ့ ပလုံကောက်တဲ့ ကလေးငယ်တွေဖြစ်ကြတယ်လို့ဆိုပါတယ်။
 
‘’ ကျွန်တော်တို့တွေ့လာရတာ အသက် သုံးနှစ်၊ လေးနှစ် ကလေးတွေ အဲဒီဝန်းကျင်လောက်ကနေစပြီးသူတို့ထက်အသက်နည်းနည်းကြီးတဲ့ကလေးတွေနဲ့ မုန့်ခြင်းတွေနဲ့လိုက်ရောင်းနေတာတွေ၊ တောင်းရမ်းတာတွေ တွေ့လာရတယ်။ ကလေးတချို့ဆို ခြေထောက်တွေပါ ပေါက်ပြဲနေတာ ။ ဒီလိုကလေးတွေအရင်ကလည်းရှိနေပေမယ့် ကျွန်တော်တို့ တွေ့ရှိချက်အရ အာဏာသိမ်းပြီးနောက်မှာ နှစ်ဆလောက်တိုးလာတယ်။ ဒီထက်ပိုများလာဖို့ပဲရှိတယ်’’ လို့ ရေချမ်းစင်လမ်းဘေးစာသင်ဝိုင်းတည်ထောင်သူကိုဖြိုးကဆိုပါတယ်။
 
လက်ရှိရေချမ်းစင်လမ်းဘေးစာသင်ဝိုင်းမှာတော့ စာလာသင်တဲ့ကလေးငယ် ပေါင်း အယောက် တရာလောက်ရှိနေပြီး အဲဒီကလေးငယ်အားလုံးဟာဆိုရင် အရွယ်နဲ့မမျှတဲ့အလုပ်တွေကို ပုံစံမျိုးစုံနဲ့လုပ်နေရသူတွေဖြစ်တယ်လို့ဆိုပါတယ်။
သူတို့အားလုံးရဲ့တူညီတဲ့အခြေအနေနဲ့စိတ်ဆန္ဒတစ်ခုကတော့စာသင်လိုစိတ်ရှိကြပြီးစာသင်ခန်းပြင်ပကိုရောက်နေရသူတွေဖြစ်တယ်လို့ လည်း စာသင်ဝိုင်းတည်ထောင်သူကဆိုပါတယ်။
‘’ ကလေးအများစုကတော့ စာသင်ချင်တယ်၊ တခြားကလေးတွေလိုပဲ ကျောင်းတက်ချင်တယ်။ခုလိုဖြစ်နေရတာ အကြောင်းပြချက်ကတော့အများကြီးပေါ့ နိုင်ငံရေးအခြေအနေတွေနဲ့ဆက်စပ်နေပေမယ့်နိုင်ငံရေးကြီးပဲ ပုံချလို့တော့မရဘူး။ တချို့ကိစ္စတွေက လူ့အခွဲ့အစည်းတွေနဲ့လည်းအများကြီးဆက်စပ်တယ်လို့ ကျွန်တော်မြင်တယ်။ ဒီလူအဖွဲ့အစည်းကိုက တသီးပုဂ္ဂလအရမ်းကြီးဆန်နေတဲ့အခါကျတော့ ဒီလိုကလေးတွေရဲ့ ကလေးသူငယ်အခွင့်အရေးကို နားမလည်တာတွေ လည်းပါမယ်’’ လို့ ကိုဖြိုးကဆက်ပြောပါတယ်။
 
ဒါကြောင့် အခုလိုအရွယ်နဲ့မမျှပဲအလုပ်လုပ်နေရပြီး ပညာသင်ခွင့်ဆုံးရှုံးနေတဲ့ကလေးတွေအတွက် ရေရှည်စီမံကိန်းနဲ့လုပ်ဆောင်ပေးမယ့်အဖွဲ့မျိုးတွေဆက်ပြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။
 
🔸ထိုင်း-မြန်မာနယ်စပ်ရောက်ကလေးလုပ်သားတွေ
 
ဒီလိုမျိုးအရွယ်နဲ့ မမျှတဲ့အလုပ်တွေကိုလုပ်နေရတဲ့ ကလေးလုပ်သားတွေဟာ မြန်မာပြည်တွင်းမှာပဲရှိနေတာမဟုတ်ပါဘူး။ အာဏာသိမ်းမှုအကျိုးဆက်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ကလေးလုပ်သားတွေလည်း ထိုင်း-မြန်မာနယ်စပ်လိုနေရာတွေမှာရှိနေတယ်လို့ ရွေ့ပြောင်းအလုပ်သမားအရေးလုပ်ဆောင်နေသူတွေကဆိုပါတယ်။
‘’ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်နဲ့ အနီးဆုံးဖြစ်တဲ့ ဘုရားသုံးဆူလိုနေရာတွေမှာလည်း ကလေးလုပ်သားတွေတိုးလာတယ်။ သီးသန့်စာရင်းတော့ရဖို့ခက်တယ်။ လုပ်မယ့်အဖွဲ့လည်းမရှိသလိုလုပ်လည်းမလုပ်နိုင်ကြတော့ဘူး။ နိုင်ငံရေးအခြေအနေကြောင့် အထောက်အထားမဲ့ရွေ့ပြောင်းလာတဲ့လူတွေပိုများလာသလို ကြုံရာကျပန်းလုပ်ကြတဲ့အထဲမှာ အသက်မပြည့်တဲ့ကလေးတွေပါလာတယ်။ ထိုင်းနိုင်ငံအစိုးရတွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့ လုပ်နေတဲ့ စက်ရုံအလုပ်ရုံတွေမှာ ဒါမျိုးတွေရှားပေမယ့် ကျပန်းအလုပ်တွေဖြစ်တဲ့ အသေးစားအလတ်စားအလုပ်တွေ၊ တောင်ယာလုပ်ငန်းခွင်တွေနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းခွင်တွေမှာ ကလေးလုပ်သားတွေ အများကြီးရှိနေတယ်။ အခုနောက်ပိုင်း ၁၃နှစ်လောက်ကိုတောင် ပုစွန်ခေါင်းချိုးတဲ့ စက်ရုံမှာ လုပ်ငန်းခုံကမြင့်နေရင် ခုံခုပြီးနေ့ရောညရောလုပ်ခိုင်းနေတဲ့အလုပ်ရုံတွေကနေ ကလေးတွေကိုဝင်ကယ်ဖူးတယ်’’လို့ ရွေ့ပြောင်းအလုပ်သမားအရေးလုပ်ကိုင်နေတဲ့ ကိုရဲမင်း က ဆိုပါတယ်။
 
ထိုင်းနိုင်ငံမှာတော့ ကလေးလုပ်သားခိုင်းစေမှုကို တင်းတင်းကြပ်ကြပ်တားမြစ်ထားပြီး အရေးယူမှုတွေလည်းရှိနေပါတယ်။ ကလေးလုပ်သားတွေကို အထောက်အထားမဲ့အနေနဲ့ဖမ်းဆီးမိတဲ့အခါမှာလည်း ကလေးသူငယ် ထိန်းသိမ်းရေးစင်တာတွေကို ပို့ဆောင်ပြီး
အသက် ၁၈နှစ်ပြည့်တဲ့အထိ စောင့်ရှောက်ထိန်းသိမ်းထားတာတွေရှိတယ်လို့လည်း ထိုင်းနိုင်ငံရဲ့ ဥပဒေတွေအကြောင်းကိုရဲမင်းကပြောပြပါတယ်။
 
ဒါပေမယ့် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ တိမ်းရှောင်ထွက်ပြေးလာရတဲ့အခြေအနေတွေနဲ့ ခက်ခဲရုန်းကန်မှုတွေကြားမှာတော့ ထိုင်းမြန်မာနယ်စပ်လိုနေရာတွေမှာ ကလေးလုပ်သားတွေဆက်ရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။
 
🔸ကလေးအလုပ်သမားပြဿနာကို ဒီအချိန်မှာ စစ်ကောင်စီ ဘယ်လိုကိုင်တွယ်နေလဲ
 
လက်ရှိအာဏာသိမ်းစစ်ကောင်စီလက်အောက်မှာတော့အခြေခံအလုပ်သမားအခွင့်အရေးအားလုံးလည်း ပျက်စီးနေသလို ကလေးအလုပ်သမားကာကွယ်စောင့်ရှောက်ရေးဟာလည်း ဟန်ပြအနေနဲ့သာရှိနေတယ် လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေကဆိုကြပါတယ်။
 
အရပ်သားအစိုးရလက်ထက်မှာတော့ လုပ်ငန်းခွင်တွေမှာ ကလေးအလုပ်သမားတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအလုပ်သမားဝန်ကြီးဌာနအောက်က အလုပ်ရုံနဲ့ အလုပ်သမားစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးရေးအရာရှိတွေကသက်ဆိုင်ရာစည်းကြပ်နယ်မြေအလိုက် ကလေးအလုပ်သမားစာရင်းကို ကွင်းဆင်းရောက်ယူမှုတွေရှိခဲ့တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေကဆိုပါတယ်။
လက်ရှိမှာတော့အစိုးရ၊အလုပ်ရှင်၊အလုပ်သမားသုံးပွင့်ဆိုင်ယန္တယားကလည်းပျက်ပြယ်သွားပြီး စစ်ကောင်စီရဲ့လက်ဝေခံအလုပ်သမားအဖွဲ့အစည်းအချို့ဟာလည်းလုပ်သားထုရဲ့အမှန်တကယ် ယုံကြည်အားကိုးမှုနဲ့ကိုယ်စားပြုနိုင်တဲ့အခြေအနေမဟုတ်တဲ့အတွက်ထိရောက်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေမလုပ်နိုင်သလိုဖြေရှင်းဆောင်ရွက်နိုင်တဲ့ အခြေအနေမရှိနေဘူးလို့ဆိုကြပါတယ်။
 
တဖက်မှာလည်း ကျောင်းနေအရွယ်ကလေးတွေအတွက် စစ်ကောင်စီရဲ့ ပညာရေးဝန်ဆောင်မှုအားနည်းချက်တွေ တိုင်းရင်းသားဒေသတွေအပါအဝင်နိုင်ငံတဝန်းမှာစာသင်ကျောင်းတွေပါတိုက်ခိုက်ခံရတဲ့အခြေအနေတွေ ကြောင့် စစ်ဘေးရှောင်ကလေးငယ်တွေတိုးလာနေပါတယ်။
ဒီအခြေအနေတွေမှာ ကလေးလုပ်သားပပျောက်ရေးထဲကအစီအစဉ်တစ်ခုဖြစ်တဲ့ work to school အစီအစဉ်ကို အကောင်အထည်ဖော်လို့မရနိုင်ဘဲ ကျောင်းနေအရွယ်ကလေးတွေဟာ ကြုံရာလုပ်ငန်းခွင်တွေ မှာရောက်နေကြတယ်လို့ ကလေးလုပ်သားအရေးကျွမ်းကျင်သူတွေကဆိုကြပါတယ်။
‘’ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ ကလေးအလုပ်သားမှမဟုတ်ဘူး။ လုပ်ငန်းခွင်အသီးသီးမှာရှိတဲ့ အလုပ်သမားတွေ၊ အလုပ်သမားသမဂ္ဂတွေအပါအဝင် ပြည်သူတစ်ရပ်လုံးဟာ အလုပ်သမားအခွင့်အရေး၊လူ့အခွင့်အရေး ဘာမှမရတော့ပါဘူး။ အဆိုးဆုံးကတော့ Vulnerable Group ထဲမှာ ပါဝင်နေတဲ့ အမျိုးသမီးနဲ့ ကလေး တွေပါပဲ၊ ဘယ်လိုကာကွယ်စောင့်ရှောက်မှုမျိုးမှ မရှိကြတော့ဘူး’’ လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အလုပ်သမားဝန်ကြီး ဦးကျော်နီကဆိုပါတယ်။
 
🔸ကလေးအလုပ်သမားပြဿနာကို နိုင်ငံတကာရဲ့လုပ်ဆောင်မှုတွေဘာတွေရှိနေလဲ
 
လက်ရှိအချိန်မှာတော့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီပေးနေတဲ့ စီမံကိန်းအများစုဟာ စစ်ကောင်စီနဲ့ လက်တွဲဆောင်ရွက်မရှိသလို တချို့ဆက်ရှိနေတဲ့ စီမံကိန်းအများစုဟာလည်း မြေပြင်မှာအကောင်အထည်ဖော်နိုင်မှုအားနည်းနေတဲ့အခြေအနေဖြစ်နေပါတယ်။
ပြည်ပနိုင်ငံအများစုမှာတော့ ILO ရဲ့ Worst Form of Child Labour Convention, 1999 (No. 182)ကို သဘောတူလက်မှတ်ရေးထိုးပြီး ကလေး အလုပ်သမားပပျောက်ရေး စီမံချက်တွေကို ILO အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မှု အောင်မြင်မှုတွေရှိနေပါတယ်။
မြန်မာနိုင်ငံမှာတော့ ILO ပြဋ္ဌာန်းချက် ကို ၂၀၁၃ ခုနှစ်မှာ အတည်ပြုသဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ကလေးအလုပ်သမား ပပျောက်ရေး အမျိုးသားအဆင့် စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရပ်တန့်သွားခဲ့ပါတယ်။
 
ဒါကြောင့် မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားလျှော့ချရေး၊ ကာကွယ်စောင့်ရှောက်ရေး အတွက် နိုင်ငံတကာအနေနဲ့တိုက်တွန်းချက်တစ်စုံတစ်ရာထက်ပိုတဲ့လုပ်ဆောင်မှု တွေနဲ့ ကူညီဆောင်ရွက်ပေးသင့်တယ်လို့လည်း NUG ရဲ့ အလုပ်သမားဝန်ကြီး ဦးကျော်နီကဆိုပါတယ်။
🔸ကလေးအလုပ်သမားပြဿနာအတွက် NUG ဘာလုပ်ပေးနိုင်လဲ
 
လက်ရှိကာလမှာ NUG အနေနဲ့ ကလေးအလုပ်သမားကာကွယ်စောင့်ရှောင့်ရေး၊ လျော့နည်း ပပျောက်ရေးတို့အတွက် ထိရောက်တဲ့ဖြေရှင်းမှုတွေလုပ်ဆောင်နိုင်ဖို့ခက်ခဲနေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် NUG ရဲ့ အလုပ်သမားအခွင့် အရေးများ ချိုးဖောက်ခံရမှု တိုင်ကြားရေးယန္တရားမှာ ကလေးအလုပ်သမားခိုင်းစေမှုနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေကို ဆောင်ရွက်ဖို့ရှိနေပြီး ကလေးအလုပ်သမား ခိုင်းစေမှုအပါအဝင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု၊ အဓမ္မခိုင်းစေခံရမှု အားလုံးကို တိုင်ကြားနိုင်ဖို့တွေ ဆောင်ရွက်ထားတာ ရှိပါတယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနဘက်ကဆိုပါတယ်။
လတ်တလောမှာလည်း ဖြေရှင်းပေးနိုင်တဲ့ တိုင်ကြားမှုတွေကို ဖြေရှင်းပေးနေသလို ဖြေရှင်းဆောင်ရွက်ပေးရန် အခက်အခဲဖြစ်နေတဲ့ တိုင်ကြားမှုတွေကိုတော့ မှတ်တမ်းတွေ စနစ်တကျထားရှိပြီး နောင်ပြည်သူ့အစိုးရတက်ရောက်ချိန်မှာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
 
ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ ကလေးလုပ်သားအရေး၊ အလုပ်သမား
အခွင့်အရေးချိုးဖောက်ခံရမှုတွေကတော့ အာဏာရှင်စနစ်မချုပ်ငြိမ်းသရွေ့တော့ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ NUG ဘက်ကသုံးသပ်ပြောဆိုပါတယ်။
 
🔸ကလေးလုပ်သားတွေ ဆက်ရှိနေဦးမှာလား
ဆင်းရဲနွမ်းပါးမှု၊ ပညာသင်ယူနိုင်တဲ့အခွင့်အလမ်းနည်းပါးတာ၊ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ စီးပွားရေးကျဆင်းနေတာ စတာတွေကြောင့် မောင်နိုင်ဦးအောင်တို့လို ကလေးလုပ်သားတွေဟာ မိသားစုကို တဖက်တလမ်းကပံ့ပိုးဖို့အတွက် စာသင်ကျောင်းတွေကိုစွန့်ခွာပြီး လုပ်ငန်းခွင်တွေထဲဝင်နေရဦးမယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေကဆိုကြပါတယ်။
‘’အဓိက အကြောင်းအရင်းကတော့ ကျွန်တော်တို့ နိုင်ငံရေးမတည်ငြိမ်မှု၊ ဆင်းရဲနွမ်းပါးမှုနဲ့ စီးပွါးရေးကြပ်တည်းတာ ဆိုတော့နော် နဂိုထဲကမှ ကျွန်တော်တို့နိုင်ငံက ကလေးလုပ်သားအရေအတွက်က များရတဲ့ထဲမှာ စစ်တပ်က အာဏာသိမ်းတဲ့ အကျိုးဆက်ပေါ့ နောက်ဆက်တွဲ ဒါနိုင်ငံရေးမတည်ငြိမ်မှုတွေ စီးပွါးရေးကြပ်တည်းမှုတွေ အရဆိုရင်တော့ ကျွန်တော်တို့နိုင်ငံမှာ ကလေးလုပ်သားက ပိုပြီးတော့ များလာဖို့ပဲ ရှိတော့တယ် ‘’ လို့ ဧရာဝတီ ဥပဒေပညာသင်ကျောင်း (Irrawaddy Law School) ရဲ့ ဒါရိုက်တာ ဦးမင်းသွင်က ဆိုပါတယ်။
-မွန်မွန်