မောင့်ကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ သဘောတူညီမှု ရရှိသွားတဲ့ မန်ချက်စတာ ယူနိုက်တက်

ဇွန်၊ ​၃၀

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချဲလ်ဆီးရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ် ကစားသမား မေဆန်မောင့်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အသက် ၂၄ နှစ်အရွယ် မောင့်အတွက် ကနဦး ၃ ကြိမ် ကမ်းလှမ်းမှုတွေမှာ ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်မပြေခဲ့တာကြောင့် လက်လျှော့တော့မယ့် အရိပ်အယောင်မျိုးတွေ ပြသခဲ့ပါတယ်။ ဒါပေမဲ့ ဇွန်လ ၂၉ ရက်မှာတော့ ကလပ်အသင်း နှစ်ခုကြား ကိုယ်စားလှယ်တွေ နောက်တကြိမ် တွေ့ဆုံခဲ့ပြီး မောင့်အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၅၅ သန်းအပြင် စွမ်းဆောင်ရည်အလိုက် လိုအပ်ရင် နောက်ထပ် စတာလင်ပေါင် ၅ သန်း ပေးချေမယ်ဆိုတဲ့ ညှိနှိုင်းမှု အဆင်ပြေသွားခဲ့တာ ဖြစ်ပါတယ်။

မောင့်နဲ့ ယူနိုက်တက်တို့ကြား စာချုပ်ကိစ္စတွေကတော့ ခက်ခဲမယ့် အခြေအနေ မရှိပါဘူး။ မောင့်ဟာ ကွင်းလယ်အင်အား ဖြည့်တင်းဖို့ ကြိုးစားနေတဲ့ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်ရဲ့ ဦးစားပေး ပစ်မှတ်လို့ ယုံကြည်ရပါတယ်။ သူဟာ ယူနိုက်တက်နဲ့ ၅ နှစ်သက်တမ်း စာချုပ်ကို လက်မှတ် ရေးထိုးသွားဖွယ် ရှိနေပါတယ်။

အခု အပြောင်းအရွှေ့နဲ့ ပတ်သက်ရင် နှစ်သင်းစလုံးက ကောင်းမွန်တဲ့ ကိစ္စတခုအဖြစ် ရှုမြင်နေကြပါတယ်။ ယူနိုက်တက်က ငယ်ရွယ်ပြီး ခြေစွမ်းထက်တဲ့ အင်္ဂလန် လက်ရွေးစင် တဦးအတွက် အခုစျေးက သင့်တော်တယ်လို့ ယူဆပြီး ဘဏ္ဍာရေး မျှခြေ စည်းမျဉ်းနဲ့ ကိုက်ညီစေဖို့အတွက် ကစားသမားတွေ ရောင်းထုတ်နေတဲ့ ချဲလ်ဆီးကလည်း စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တဲ့ မောင့်အတွက် အခုစျေးက အတော်လေး အဆင်ပြေတယ်လို့ လက်ခံထားပါတယ်။

မောင့်ဟာ ချဲလ်ဆီးအတွက် ၁၉၅ ပွဲကစားပြီး ၃၃ ဂိုးထိ သွင်းယူပေးခဲ့ပါတယ်။ သူဟာ မကြာခင် ရက်ပိုင်းအတွင်း ယူနိုက်တက်နဲ့ တရားဝင် စာချုပ် ချုပ်ဆိုသွားဖွယ် ရှိနေပါတယ်။ အသင်းကို မောင့်ရောက်ရှိလာခြင်းက ယူနိုက်တက်ရဲ့ လက်ရှိ ကွင်းလယ်လူတွေဖြစ်တဲ့ ဖရက်ဒ်နဲ့ စကော့ မက်တော်မနေးတို့ရဲ့ အနာဂတ်ကို ပိုပြီး မရေမရာ ဖြစ်လာစေပါတယ်။ လောလောဆယ်မှာတော့ ဖူလ်ဟမ်အသင်းဟာ ဘရာဇီး လက်ရွေးစင် ဖရက်ဒ်ကို စိတ်ဝင်စားမှု ပြသနေကြောင်း သိရပါတယ်။

 

Ref: BBC