ဇွန်၊ ၂၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတားမိုင်းခွဲဖျက်ဆီးတာကို လာရောက်စစ်ဆေးတဲ့ သူတွေဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ခရိုင်လမ်းဦးစီးအပါအဝင် နှစ်ဦးထပ်မံသေဆုံးပြီး နှစ်ဆယ်ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ ခရိုင်မှူး လမ်းဦးစီးက သေတယ်၊ ထွေအုပ်က စာရေးတဦးသေတယ်၊ ဒဏ်ရာရတာတော့ တော်တော်များတယ်၊ ရဲတို့၊ ထွေအုပ် တို့၊ စစ်သားတွေကအစ အားလုံးပေါင်းရင် ၂၆ ၊ ၂၇ လောက်ဒဏ်ရာရသွားတယ်။ ဘာလဲ အဲဒီအထဲမှာ ခရိုင်နဲ့ မြို့နယ်က လူကြီး အဆင့်တွေလည်း ပါပါတယ်။” လို့ သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတဦး DNA ကို ပြောပါတယ်။
အဲဒီလိုဒရုန်းနဲ့ဗုံးကြဲတိုက်ခိ်ုက်တာကြောင့် စစ်ကောင်စီတပ်သား ၁၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတဦး၊ မီးသတ်တပ်ဖွဲ့ဝင်သုံးဦး၊ ရွှေသံလွင်ဝန်ထမ်းနှစ်ဦး စုစုပေါင်း ၂၇ ဦးဒဏ်ရာရတယ်လို့ VOM သတင်းဌာနက ဖော်ပြထားပါတယ်။
သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာရှိတဲ့ ကျုံအိတ်ချောင်းကူးတံတား ကို ဇွန်လ ၂၈ ရက် ညည့်နက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီကျုံအိတ်ချောင်းကူးတံတား မိုင်းထောင်ဖောက်ခွဲခံရတဲ့အချိန်မှာလည်း အိမ်စီးကားသုံးစီး ထိခိုက်ခဲ့ပြီး အဲဒီထဲက ကားနှစ်စီး ကလည်း တံတားအောက်ကို ပြုတ်ကျသွားခဲ့ပြီး ကားပေါ်ပါ အမျိုးသားတဦးသေဆုံးကာ တဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ကားတွေက လိုင်စင်မဲ့ကားတွေလေ၊ ကားထဲမှာလည်း ရဲတပ်ဖွဲ့တွေပါလာတယ်၊ ကားမောင်းတဲ့သူသေတာပေါ့၊ တံတားအောက် တောင်ပြုတ်ကျနေပြီးပဲ။ နောက်ပြီး ညက အဲဒါဖြစ်ပြီး သူတို့တွေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုတွေ ရှိတယ်။” လို့ ကရင်အမျိုးသားအစည်းအရုံး၊ ကေအဲန်ယူ-သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဌ ဦးကျော်မြင့်က ပြောပါတယ်။
မော်တော်ယာဉ်နဲ့အတူ တံတားအောက်ပြုတ်ကျသေဆုံးခဲ့သူဟာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့ ပြောဆိုမှုနဲ့ပတ်သက်ပြီး DNA သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိပါဘူး။
မိုင်းဖောက်ခွဲဖျက်ဆီးခံထားရတဲ့ တံတားကို လာစစ်ဆေးတဲ့ စစ်ကောင်စီလက်အောက်ခံခရိုင်အဆင့်တာဝန်ရှိသူတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ခရိုင်လမ်းဦးစီးမှူးအပါအဝင် နှစ် ဦးသေဆုံးကာ နှစ်ဆယ် ဦးကျော်ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေနဲ့ ကေအဲန်ယူထံမှ သိရပါတယ်။
သထုံခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် အရာရှိပိုင်း တွေနဲ့ ဝန်ထမ်းတချို့ကဇွန်လ ၂၉ ရက် ဒီကနေ့ မနက် ၇ နာရီကျော်မှာ ဖောက်ခွဲခံထားရတဲ့တံတားကို လာရောက်စစ်ဆေးရာမှာ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကေအဲန်ယူ-သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဌ ဦးကျော်မြင့်က ပြောပါတယ်။
“ မနက်က တံတားပျက်သွားတဲ့နေရာကို သထုံကနေပြီးတော့ အရာရှိတွေ ခရိုင်အုပ်ချုပ်ရေးမှူးတွေ နောက်ပြီး အများကြီးပဲ လာစစ်ဆေးတယ်လေ၊ AE (အင်ဂျင်နီယာတွေ)လည်း ပါတယ်ပေါ့၊ ဒီဘက်က ပူးပေါင်းအဖွဲ့ကနေပြီးတော့ ဒရုန်းနဲ့ ဗုံးကြဲချတာ၊ သူတို့တွေ ဒဏ်ရာအများကြီးရသွားတယ်၊ နှစ်ယောက်ဆုံးသွားတယ်လို့တော့ ကြားတယ်။” လို့ ပြောပါတယ်။
ဒဏ်ရာရရှိတဲ့သူတွေထဲမှာဆိုရင် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲတပ်ဖွဲ့ဝင်၊ ထွေအုပ်၊ မီးသတ်၊ လမ်းဦးစီးနဲံ အခြားဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင် ရွှေသံလွင်ဟိုင်းဝေကုမ္ပဏီမှ ဝန်ထမ်းတချို့လည်း ပါဝင်ကြတယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ သေဆုံးသူနှစ်ဦးက ရရှိဒဏ်ရတွေနဲ့ ခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်စဉ် သေဆုံးသွားတာဖြစ်ပြီး ကျန်တဲ့ ဒဏ်ရာရရှိသူတချို့ကို လည်း သထုံခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
“ လူကြီးပိုင်းတယောက်နဲ့ သုံးလေးယောက်လောက်တော့ ဒဏ်ရာအတော်ကိုများတယ်၊ အေးပေါ့၊ အသက်အန္တရာယ်စိုးရိမ်ရလား ဆိုတော့လည်း၊ ပြောမတတ်သေးဘူးနော်၊ ဗုံးက ရှေ့တည့်တည့်ကို ကျတာဆိုတော့ ထိတဲ့သူတွေကတော့ တော်တော်ဆိုး ပါတယ်။” လို့ အဲဒီ စစ်ကောင်စီနဲ့ နီးစပ်သူက ပြောပါတယ်။
အဆိုပါကျုံအိတ်ချောင်းကူးတံတားကဆိုရင် အလျား ၉၅ ပေနဲ့ အကျယ် ၃၆ ပေရှိတဲ့ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး မိုင်းခွဲတိုက်ခိုက်တာနဲ့ ဒရုန်းနဲ့ဗုံးချတာကြောင့် ထက်ခြမ်းနီးပါးပြိုကျပျက်စီးသွားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အိမ်စီးကားတွေနဲ့ ဝန်ပေါ့တဲ့ကားတွေကို ဖြတ်သန်းသွားလာခွင့်ပြုထားပြီး ကုန်အပြည့်တင်ဆောင်ထားတဲ့ ကုန်တင် ယာဉ်တွေကိုတော့ ပေးမဖြတ်သေးဘူးလို့ အဲဒီအနီးမှာ နေထိုင်တဲ့ဒေသခံတဦးက ပြောပါတယ်။
“ အခုတော့ ပေးသွာတယ်၊ ကားသေးတွေ၊ အခုကားကြီးတွေ ဟို ကုန်ကားကြီးတွေလေ၊ ကုန်တင်ထားရင် မပေးဖြတ်သေးဘူး၊ အခု အဲဒီတံတားလမ်းပိုင်းတလျှောက်မှာ စစ်သားတွေ အများကြီးပဲ လုံခြုံရေးယူထားတယ်၊ အခုတော့ သက်ဆိုင်ရာက တံတားကို ချက်ချင်းပြင်ဖို့တော့ ပြင်ဆင်နေကြပါတယ်။ အဲဒီလမ်းပိုင်းမရှိရင် ကရင်၊ တနင်္သာရီ၊ မွန်ဘက်ကို သွားလို့မှ မရတော့တာလေ၊ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားနိုင်တယ်လေ၊ တကယ်လို့ မပြင်ဘူးဆိုရင်။” လို့ အဲဒီဒေသခံက ပြောပါတယ်။