စနစ်အပြောင်းအလဲကြောင့် အသက်ပိုငယ်သွားကြတဲ့ တောင်ကိုရီးယား နိုင်ငံသားတွေ

ဇွန်၊ ၂၉

အသစ်ပြင်ဆင် သက်မှတ်လိုက်တဲ့ ဥပဒေအရ တောင်ကိုရီးယား နိုင်ငံသားတွေဟာ ရုတ်တရက် အသက် ၁ နှစ်၊ ဒါမှမဟုတ် ၂ နှစ်လောက် ငယ်သွားကြပါတယ်။

 တောင်ကိုရီးယားမှာ ရိုးရာနည်းလမ်းနဲ့ သက်တမ်း ရေတွက်မှု ပုံစံ ၂ ခုကို ကာလရှည်ကြာ အသုံးပြုနေရာက အခုအခါမှာတော့ နိုင်ငံတကာ အသိအမှတ်ပြု စံနှုန်းတွေကိုသာ တသမတ်တည်း အသုံးပြုဖို့ အစိုးရက ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။

 အရင်က တောင်ကိုရီးယားမှာ လက်ခံကျင့်သုံးခဲ့တဲ့ အသက်ရေတွက်မှု ရိုးရာပုံစံ နှစ်ခုကိုတော့ ပယ်ဖျက်ပစ်တော့မှာပါ။ ပထမ ရိုးရာနည်းမှာ ကလေးတဦးကို မွေးမွေးချင်းမှာ အသက် ၁ နှစ်အဖြစ် သတ်မှတ်ပါတယ်။ ဒါကြောင့် ကလေးအသက် ၁ နှစ်ပြည့်တဲ့ အခါမှာ သူ့အသက်ကို ၂ နှစ်လို့ တွက်ချက်ထားမယ့် သဘောပါ။ နောက်တနည်းကတော့ သက်တမ်းကို တွက်ချက်ရာမှာ မွေးနေ့အစား နှစ်တနှစ် ကုန်ဆုံးတဲ့ အချိန်ကိုပဲ အဆုံးအဖြတ် ယူတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ၁ နှစ်ကုန်သွားတိုင်း ကိုယ့်မွေးနေ့ ဘယ်နေ့ဖြစ်ဖြစ် ၁ နှစ် အသက်ပိုကြီးသွားမှာပါ။

 အခု သီတင်းပတ်မှာတော့ အဲဒီ ရိုးရာ ရေတွက်မှု ပုံစံ နှစ်မျိုးစလုံးကို အာဏာပိုင်တွေက တရားဝင် အသိအမှတ် ပြုတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် တောင်ကိုရီးယား နိုင်ငံသားတွေဟာ နေရင်းထိုင်ရင်း အသက် ၁ နှစ်၊ တချို့ဆိုရင် ၂ နှစ်လောက် ပိုငယ်သွားကြတဲ့ သဘောပါပဲ။

 သမ္မတ ယွန်ဆွတ်ယိုဟာ ပြီးခဲ့တဲ့နှစ်မှာ အာဏာရလာပြီး ကတည်းက အခုလို စနစ်အပြောင်းအလဲ ရုပ်လုံးပေါ်လာစေဖို့ အစွမ်းကုန် တွန်းအားပေးခဲ့ပါတယ်။ ရိုးရာနည်းနဲ့ အသက်ရေတွက်တဲ့ ကိစ္စတွေက မလိုလားအပ်တဲ့ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ရှုပ်ထွေးမှုတွေကို ဖြစ်ပေါ်စေတယ်လို့ သူက ဝေဖန်ပါတယ်။

 ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလက တောင်ကိုရီးယား လွှတ်တော်မှာ ဒီကိစ္စကို အဆိုတင် ဆုံးဖြတ်တဲ့အခါ အမတ် အများစုက စနစ်ဟောင်းတွေ ပယ်ဖျက်ဖို့ကို ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဆေးလိပ်နဲ့ အရက် ဝယ်ယူခွင့် ကန့်သတ်ချက်လို ကိစ္စမျိုးတွေကိုတော့ ရိုးရာပြက္ခဒိန်နဲ့ ညှိနှိုင်းတွက်ချက်တာမျိုးတွေ ရှိနေဦးမှာပါ။

 စစ်တမ်းတွေအရ တောင်ကိုရီးယား လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းကျော်က အသက် တွက်ချက်မှုကို နိုင်ငံတကာ စံနှုန်းဆီ ပြောင်းလဲလက်ခံဖို့ သဘောတူခဲ့ကြကြောင်းလည်း သိရပါတယ်။