ဇွန် ၊ ၂၉
မွန်ပြည်နယ်၊ သထုံမြို့နယ် ဘီးလင်းမြို့ကြားက ရွှေရောင်ပြကျေးရွာအနီးမှာရှိတဲ့ ကျုံအိတ်တံတား(ဘီးလင်းတံတား)ဒီကနေ့ ဇွန်လ ၂၉ မနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရပြီး တံတားကျိုးကျတာကြောင့် တံတားပေါ်သွားလာနေတဲ့ အိမ်စီးကား သုံးစီးထိခိုက်ခဲ့သလို တဦးသေဆုံးခဲ့တယ်လို့ ဒေသခံပရဟိတအဖွဲ့တွေကပြောပါတယ်။
“ လောလောဆယ်အလောင်းရရှိထားတဲ့သူကတော့ တံတားပေါ်ကနေ အရှိန်လွန်ပြုတ်ကျသွားတဲ့ ကားပေါ်ကတစ်ယောက်ပါ၊ ကျန်တာတွေကို ကူညီကယ်ဆယ်ရေးတွေဆက်လက်လုပ်ဆောင်နေပါတယ်၊ ဘယ်လောက်သေဆုံးတယ်၊ ဘယ်လောက်ဒဏ်ရာရတယ်ဆိုတာတော့ အခုထိပြောဖို့ခက်နေပါတယ်၊ လောလောဆယ် ကျွန်တော်တို့ရရှိထားတဲ့ တဦးကိုတော့အတည်ပြုပါတယ်” လို့ ဒေသအခြေစိုက် ပရဟိတ အဖွဲ့ဝင်တစ်ဦးက DNA ကိုပြောပါတယ်။
သေဆုံးသူဟာ မြို့နယ်အုပ်ချုပ်ရေးမှူးတယောက်ဖြစ်တယ်လို့လည်း စစ်ကောင်စီဝါဒဖြန့်သတင်းဌာနတွေမှာဖော်ပြနေပေမယ့် သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
တံတားမိုင်းခွဲဖျက်ဆီးခံရပြီးချိန်မှာလည်း စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေဆက်ဖြစ်နေတယ်လို့ လည်း ဆက်သိရပါတယ်။
တံတားမိုင်းဆွဲတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ နယ်မြေခံကာကွယ်ရေးတပ်တွေကို စွပ်စွဲပြောဆိုထားပြီး ဒေသခံကာကွယ်ရေးတပ်တွေဘက်ကတော့ ထုတ်ပြန်ချက်တစုံတရာထုတ်လာတာမရှိသေးပါဘူး။
လက်ရှိမှာတော့ တံတားပျက်စီးမှုကြောင့် ရန်ကုန်-မော်လမြို့လမ်းပိုင်းမှာ ဖြတ်သန်းသွားလာနေတဲ့ ခရီးသည်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေ ကို တစီးချင်းသာဖြတ်ခွင့်ပြုတာကြောင့် ကားရာနဲ့ချီပိတ်ဆို့မှုတွေဖြစ်နေတယ်လို့လည်း သိရပါတယ်။
“ အခုတော့ ခရီးသည်တင်ကားတွေကိုပေးဖြတ်နေတယ်၊ ကုန်တင်ယာဉ်ကြီးတွေတော့ ပေးမဖြတ်သေးဘူး။ ဘားအံ မြဝတီ မော်လမြိုင် ကနေ ရန်ကုန်၊ ပဲခူးကို အဓိကသွားတဲ့လမ်းဆိုတော့ ကုန်တင်ယာဉ်တွေတော့ ဒုက္ခရောက်တာပေါ့၊ ခရီးသွားတွေလဲ ည အိပ်ရတာတွေဘာတွေဖြစ်လာနိုင်တယ်။ အဓိကကတော့ ကုန်သမားတွေ ထိခိုက်တာပေါ့၊ ကုန်ပစ္စည်းဆုံးရှုံးမှုတွေလဲ ဖြစ်လာနိုင်တယ်’’ လို့ ရန်ကုန်မြဝတီ ယာဉ်မောင်းတဦးက ပြောပါတယ်။
လက်ရှိမှာ တံတားကျိုးကျရာမှာပါဝင်သွားတဲ့ အိမ်စီးကား ပေါ်က ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့လည်း နယ်မြေခံပရဟိတအသင်းတွေကပြောဆိုကြပါတယ်။
photo CJ