လက်စတာ ကွင်းလယ်လူ မက်ဒီဆန်ကို တော့တင်ဟမ်အသင်း စာချုပ်ခေါ်ယူ

ဇွန် ၊ ၂၉

တန်းဆင်းသွားတဲ့ လက်စတာစီးတီး အသင်းရဲ့ ကွင်းလယ် ဖန်တီးရှင် ဂျိမ်းစ် မက်ဒီဆန်ကို တော့တင်ဟမ် ဟော့စပါး အသင်းက ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

 အသက် ၂၆ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ လန်ဒန် အခြေစိုက် ကလပ်အသင်းဆီ စတာလင်ပေါင် သန်း ၄၀ တန် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာပြီး ၅ နှစ်သက်တမ်း စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ နောဝစ်ချ်စီးတီးကနေ လက်စတာကို ရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တုန်းက အသင်းရဲ့ သမိုင်းဝင် အောင်မြင်မှု တခုဖြစ်တဲ့ အက်ဖ်အေ ရှုံးထွက်ဖလား ဆွတ်ခူးမှုမှာ ပါဝင် ကူညီခဲ့ပါတယ်။

 လက်စတာအတွက် စုစုပေါင်း ၂၀၃ ပွဲထိ ပါဝင် ကစားပေးခဲ့တဲ့ မက်ဒီဆန်ဟာ အရည်အသွေးမြင့် ကွင်းလယ်လူ တဦးဆိုတာ သံသယရှိဖို့ မလိုပေမယ့် သူ့ရဲ့ ဒဏ်ရာရလွယ်တဲ့ ကြံ့ခိုင်မှုပိုင်း ပြဿနာတွေကြောင့် ထိပ်တန်း အသင်း အများစုက လက်တွေ့ ခေါ်ယူဖို့ တွန့်ဆုတ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက မက်ဒီဆန်ဟာ ပရီးမီးယားလိဂ်မှာ ၁၀ ဂိုးထိ သွင်းယူနိုင်ခဲ့ပေမယ့် လက်စတာရဲ့ တန်းဆင်းရမှုကိုတော့ မတားဆီးပေးနိုင်ခဲ့ပါဘူး။

 သူဟာ လက်စတာမှာ ရှိနေခဲ့တဲ့ အတောအတွင်း ၅၅ ဂိုးသွင်းပြီး အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှုပေါင်း ၄၁ ကြိမ်ထိ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ တော့တင်ဟမ်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ခရစ္စတီယန် အဲရစ်ခ်ဆန် ထွက်ခွာသွားချိန် ကတည်းက ထိပ်တန်းအဆင့် ကွင်းလယ်ဖန်တီးရှင် မရှိတော့တဲ့ လစ်ဟာမှုကို မက်ဒီဆန်နဲ့ ဖြည့်တင်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။

 အစောပိုင်းမှာ နယူးကာဆယ် ယူနိုက်တက်ကလည်း မက်ဒီဆန်ကို ချိတ်ဆက်ခဲ့သေးပေမယ့် နောက်တော့ အေစီမီလန်ရဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဆန်ဒရို တိုနာလီကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။

 တော့တင်ဟမ်ဟာ အခုသီတင်းပတ်ထဲမှာ အီတလီ စီးရီးအေကလပ် အမ်ပိုလီဆီက ဂိုးသမား ဂူလီရယ်လ်မို ဗစ်ကာရီယိုကိုလည်း ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီက အသင်းမှာ အငှားလာရောက် ကစားခဲ့တဲ့ ဆွီဒင် ကွင်းလယ်လူ ဒီဂျန် ကူလူဆက်ဗ်စကီးကိုလည်း အပြီးသတ် စာချုပ် ဝယ်ယူခဲ့ပြီး ဖြစ်ပါတယ်။