ဟာဗက်ဇ်ကို ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်ခဲ့တဲ့ အာဆင်နယ်

ဇွန် ၊ ၂၉

အာဆင်နယ် အသင်းဟာ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ကို အသင်းရဲ့ ကစားသမားအဖြစ် တရားဝင် မိတ်ဆက် ကြေညာလိုက်ပါတယ်။

 အသက် ၂၄ နှစ်အရွယ် ဟာဗက်ဇ်ဟာ ချဲလ်ဆီး အသင်းကနေ စတာလင်ပေါင် ၆၅ သန်း ဝန်းကျင်နဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်ဆီ ကူးပြောင်းလာတာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ဟာဗက်ဇ်ကို ဂျာမန်ကလပ် ဘေယာလေဗာကူဆန်ဆီကနေ စတာလင်ပေါင် ၇၁ သန်းနဲ့ ဝယ်ယူထားခဲ့တာပါ။

 ဟာဗက်ဇ်ရဲ့ ချဲလ်ဆီး ကစားသမား ဘဝဟာ မျှော်မှန်းထားသလောက် မတောက်ပခဲ့ပေမယ့် ၁၃၉ ပွဲ ကစားပြီး ၃၂ ဂိုး သွင်းယူနိုင်ခဲ့သလို ၂၀၂၁ ခုနှစ် ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ချဲလ်ဆီးတို့ ဆုဖလား ရရှိစေခဲ့တဲ့ တလုံးတည်းသော အမှတ်တရ အနိုင်ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။

 ဟာဗက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးဟာ စတာလင်ပေါင် ၆၅ သန်းလို့ သတ်မှတ်ထားပေမယ့် စွမ်းဆောင်ရည်အပေါ် မူတည်ပြီး နောက်ဆက်တွဲ မြင့်တက်လာနိုင်ခြေ ရှိနေပါတယ်။ သူဟာ လက်ရှိ နွေရာသီ စျေးကွက် ကာလမှာ အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာ အားဖြည့် ခေါ်ယူတဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်။

 အာဆင်နယ်ဟာ ဝက်စ်ဟမ်း ယူနိုက်တက် အသင်းခေါင်းဆောင် ဒက်ကလန်ရိုက်စ်အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူဖို့ ကနဦး သဘောတူညီမှုတွေလည်း ရရှိထားပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေတာကြောင့် လန်ဒန်ကလပ်ဟာ ကစားသမား အပြောင်းအရွှေ့ လှုပ်ရှားမှုတွေမှာ လက်သွက်နေတယ်လို့ ဆိုနိုင်ပါတယ်။

 ချဲလ်ဆီးမှာလိုပဲ အာဆင်နယ်မှာလည်း ကျောနံပါတ် ၂၉ ကို ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့တဲ့ ဟာဗက်ဇ်က အခု အပြောင်းအရွှေ့ကို ပျော်ရွှင်မိပေမယ့် ချဲလ်ဆီး ပရိသတ်တွေကို နှုတ်ဆက်ဖို့ဆိုတာ စိတ်နှလုံး လေးလံလွန်းတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ပရိသတ်တွေဆီက အားပေးမှုတွေ၊ ချန်ပီယံလိဂ် ဆုဖလားကို အတူဆွတ်ခူးခဲ့တာတွေကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

 သူက အာဆင်နယ်ရဲ့ မိသားစုဝင်သစ် ဖြစ်လာတဲ့အတွက် အရမ်း စိတ်လှုပ်ရှားနေမိပြီး အသင်းသစ်နဲ့အတူ ဆုဖလားတွေ ဆွတ်ခူး ရယူနိုင်ဖို့ ယုံကြည် မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။ အာဆင်နယ်ရဲ့ စိတ်ဓာတ်ပိုင်းက အရမ်း အားကောင်း သန်မာနေတယ် ဆိုတာကို ခံစားမိကြောင်း၊ အဲဒီ စိတ်ဓာတ် ခွန်အားကပဲ အာဆင်နယ်ဟာ ရင်ဆိုင်ရ ခက်လွန်းတဲ့ အသင်းတသင်း ဖြစ်လာစေကြောင်း သူက ဆိုပါတယ်။

 ချဲလ်ဆီး အသင်းဟာ လက်ရှိ စျေးကွက်ကာလမှာ အသင်းစုဖွဲ့မှုကို လျှော့ချဖို့ အဓိက အားထုတ်နေပြီး ဟာဗက်ဇ်အပြင် ကွင်းလယ်လူတွေဖြစ်တဲ့ အန်ဂိုလိုကန်တေး၊ မက်တီယို ကိုဗာဆစ်၊ တီမူး ဘာကာယိုကိုတို့ကို ထွက်ခွာခွင့် ပြုခဲ့ပြီး ဖြစ်သလို ဂိုးသမား အီဒူရက်ဒ် မန်ဒီနဲ့ နောက်ခံလူ ကာလီဒူ ကူလီဘာလီတို့ကိုလည်း ဆော်ဒီအာရေးဘီးယား ပရိုလိဂ် ပြိုင်ပွဲဝင် ကလပ်အသင်း အယ်လ်အာလီဆီ ရောင်းချထားပြီး ဖြစ်ပါတယ်။