ဇွန် ၊ ၂၉
စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ မန္တလေးမြို့က လိင်စိတ်ခံယူမှုကွဲပြားသူများသမဂ္ဂ ဥက္ကဌဂျက်စတင်မင်းဟိန်းကို စစ်ကောင်စီက မနေ့ ဇွန်လ ၂၈ ရက်က အကြမ်းဖက်ပုဒ်မတွေတပ်ပြီးထောင်ဒဏ်၁၀နှစ်ချမှတ်လိုက်တယ်လို့သက်ဆိုင်ရာအဖွဲ့ကထုတ်ပြန်လာပါတယ်။
ကိုဂျက်စတင်မင်းဟိန်းကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာလထဲမှာ ဖမ်းဆီးသွားတာဖြစ်ပြီး ပုဒ်မ ၅၀၅-က အပါအဝင်အကြမ်းဖက်ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၅၀ ညတို့ နဲ့ စွပ်စွဲကာ တနှစ်နီးပါးတရားရင်ဆိုင်အပြီးမှာ အခုလိုထောင်ဒဏ်တွေချမှတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
‘’ အဖမ်းခံရပြီး ရေကြည်အိုင်စစ်ကြောရေးမှာ နှိပ်စက်ခံနေရတာတွေလည်းကြားရတယ်။ ဂျက်ဂျက်က အစာအိမ်ရောဂါလည်းရှိတယ်။ ရန်ကုန်နဲ့ မန္တလေးက သပိတ်တွေမှာ LGBT ကိုယ်စားပြုသပိတ်တွေအပြင်မြေပြင်သပိတ်တွေကို စစ်ဆေးတင်းကျပ်မှုတွေကြားမှာ
ပါဝင်ခဲ့တာ။ သပိတ်မှာပါဝင်သူကို ထောင်၁၀နှစ်ချတာ စစ်တပ်ရဲ့လုပ်ရပ်က အမြဲရွံစရာကောင်းနေတော့ပြောစရာမရှိဘူး၊ ခံပြင်းတယ်’’ လို့ LGBT မန္တလေးမှာ ယာယီတာဝန်ယူဆောင်ရွက်ပေးနေတဲ့စောဟန်နွေဦးက DNA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာလထဲမှာတော့ ကိုဂျက်စတင်မင်းဟိန်းနဲ့အတူ လူငယ်များသမဂ္ဂ ဥက္ကဌ ကိုဇော်ထက်အပါအဝင် လူငယ် ၆ဦးဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဖမ်းဆီးခံလူငယ်တွေအားလုံးကိုစစ်ကောင်စီက ပုဒ်မတပ်တရားစွဲဆိုမှုတွေလည်း ဆက်လုပ်ထားတယ်လို့ သပိတ်အဖွဲ့တွေရဲ့ပြောဆိုချက်အရသိရပါတယ်။
စစ်အာဏာသိမ်းမှု ၂နှစ်ကျော်ကာလအထိ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေအပါအဝင် နိုင်ငံတဝန်းမှာ အားကောင်းနေဆဲဖြစ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်တွေကိုစစ်ကောင်စီက ဒီကနေ့ အထိပုံစံမျိုးစုံနဲ့ ဖိနှိပ်နေသလို သပိတ်မှာပါဝင်သူတွေကိုလည်းပုဒ်မတပ်နှစ်ရှည်ထောင်ဒဏ်ချတာတွေပြုလုပ်နေပါတယ်။