ဇွန် ၊ ၂၉
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာ အတွင်းရှိ ကျပ်သိန်းထောင်ချီတန်တဲ့ ပြည်သူပိုင် နေအိမ်တိုက်တာ အမြောက်အများဟာ လတ်တလောမှာ တရားမဝင်ဆောက်လုပ်ထားတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဖျက်သိမ်းရဖို့ အရေးနဲ့ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မန္တလေးမြို့ ကနေမိနစ်အနည်းငယ်လောက်သွားရင်ရောက်တဲ့ လမ်း ၃၀ နဲ့ အရှေ့မြို့ပတ်လမ်းထောင့် အနီးကနန်းဦးလွင် ကျေးရွာအုပ်စု၊ နန်းဦးလွင်က နေအိမ် တွေကိုတရားမဝင်ကျူးကျော် ဆောက်လုပ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်သိမ်းဖို့ စစ်အုပ်စုလက်အောက်ခံမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဒီလ ၂၆ ရက်နေ့မှာအသိပေးစာထုတ်ပြန်ထားတာပါ။
စစ်အုပ်စုရဲ့ အသိပေးစာအရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ–၇) ရရှိထားတဲ့မြေကွက်တွေအပေါ်မှာတိုက်တာအိုးအိမ်ဆောက်လုပ်ထားသူတွေနဲ့ လယ်ယာမြေကို အကွက်ရိုက်ရောင်းချသူတွေဆီကနေ ဝယ်ယူထားသူတွေရဲ့ နေအိမ်တွေဟာ လာမယ့်ဇွန်လိုင်လ ပထမအပတ်အတွင်း အပြီးတိုင်ဖျယ်ရှားပေးဖို့ရှိနေတာပါ။
အဲဒီလိုဖျယ်ရှားပေးရမယ့်နေအိမ်တွေကို စစ်အုပ်စုက မနေ့က ဇွန်လ ၂၇ ရက်နေ့မနက်ပိုင်းမှာ မျင်နီတွေတားပြီးအမှတ်အသားပြုလုပ်တာတွေအပါအဝင် လူဦးရေစာရင်းကောက်ယူတာတွေလုပ်ဆောင်နေသလို အသိပေးစာတွေကိုလည်း အရပ်ဝတ်တွေနဲ့ လူတစ်စုက လမ်းထိပ်မှာလာကပ်သွားတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။
“ သူကမျဉ်းစောင်းတွေ မှတ်ထားတာပေါ့ တစ်မျဉ်းစောင်းဘယ်လောက်ငါးမျဉ်းစောင်းဘယ်လောက်ပေါ့ တအိမ်နဲ့တအိမ်လည်းမတူကြဘူး အရှေ့ဖက်ခြမ်းဆိုငါးမျဉ်းစောင်းတွေပေါ့ အိမ်မှာဝင်ရင်လည်း လူဦးရေမေးတယ်ကျားဘယ်လောက်မဘယ်လောက်ဆိုပြီး စာရင်းကောက်သွားတယ်။တရပ်ကွက်လုံးနီးပါးပဲဘယ်သူမှာမလွတ်ဘူး နန်းရှေ့ပုသိမ်ကြီး လာတဲ့ဖောင်စိန်လမ်းနားက တဝိုက်အကုန်လုံးပဲပါတယ်။ အခုတော့ အသာနားခံစာတင်မယ်လို့တော့လုပ်ထားတယ်။ လက်မှတ်တွေထိုးနေကျတယ် “ လို့ ဒေသခံ တဦးကပြောပါတယ်။
လက်ရှိ ဖယ်ရှားပေးဖို့ အသိပေးထားတဲ့နေရာတွေမှာ အိမ်ခြေပေါင်း ထောင်နဲ့ချီရှိသလိုလူထုက အဆင့်ဆင့်ပြန်လည်ဝယ်ယူနေထိုင်ကြသူတွေအများစုပါဝင်တဲ့အတွက် အဆင့်မြင့် င့် နေအိမ် တိုက်တာအဆောက်အဦးတွေကိုလည်း ဆောက်လုပ်ထားကြပါတယ်။
အခုလို လယ်ယာမြေအပေါ်မှာ အကွက်ရိုက်ပြီးလူနေအိမ်ဆောက်လုပ်နေထိုင်သူတွေကို ဖယ်ရှားပေးဖို့ ကြိုတင်အသိပေးတာမျိုးမရှိခဲ့သလို အထပ်မြင့်တိုက်တွေ ဆောက်လုပ်စဉ်ကလည်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေက လာရောက်တားမြစ်တာမျိုးလည်း မရှိခဲ့ဘူးလို့ ဒေသခံတွေကဆိုပါတယ်။
ဒါပေမယ့် စစ်အုပ်စုကတော့ သူတို့ရဲ့နေစဉ်ထုတ်သတင်းစာတွေကတဆင့် ဥပဒေနဲ့ညီညွတ်မှုမရှိဘဲ လယ်ယာမြေပေါ်ကျူးကျော်နေထိုင်တာတွေကို စီမံခန့်ခွဲရေး နည်းလမ်းတွေအရ အရေးယူတာတွေ လယ်ယာမြေဥပဒေတွေအရ တရားရုံးတွေမှာ တရားစွဲဆိုပြီး လယ်ယာမြေလုပ်ပိုင်ခွင့်တွေကို ပယ်ဖျက်မယ်လို့ ပြီးခဲ့တဲ့မေလကတည်းကထုတ်ပြန်ထားတယ်လိုဆိုပါတယ်။
ဒီလို အသိပေးစာတွေထုတ်ခဲ့ပေမယ့် အမှန်တကယ်မြေပြင်မှာ သိရှိနိုင်အောင်လုပ်ဆောင်တာတွေအားနည်းခဲ့တဲ့အတွက် ပြည်သူလူထုမှာ အခုလိုနစ်နာမှုတွေကြီးကြီးမားမားဖြစ်ခဲ့ရတာလို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းဆောင်ရွက်သူတွေကဆိုကြပါတယ်။
“ အွန်လိုင်းပေါ်ကလည်းကြေညာပြီး ရောင်းကျတယ်။ ဖီနိုင်းတွေချိတ်ဆွဲရောင်းတယ်။ နောက်ဆုံးနစ်နာတာကတော့ ပြည်သူကနစ်နာတာပေါ့ သက်ဆိုင်ရာကအမှန်တကယ်ဒါမျိုးအခွင့်အရေးမရှိဘူးဆိုရင် သက်ဆိုင်ရာလည်းသတင်းစာကြေညာတာတွေ့တယ်ဒါပေမယ့်ထိထိေရောက်ရောက်မြေပြင်မှာ အိမ်တွေဆောက်ပြီး အကွက်တွေစရိုက်ကတည်းက ထိထိရောက်ရောက် တားဆီးတယ်ဆိုရင်ပြည်သူလူထုဆုံးရှုံးမှုကဒီလောက်အထိဖြစ်မလာဘူး။ သိရက်နဲ့ကံဆိုးကံကောင်းဝယ်တဲ့သူလည်းရှိမယ်။ ခုနာလိုပေါင်းစုံရှိမှာပဲ သက်ဆိုင်ရာက အချိန်မလွန်ခင်ဟန့်တားရင်တော့ ဆုံးရှုံးနစ်နာတာမှုက ဒီလောက်ဖြစ်မလာဘူးပေါ့နော်။ အကွက်ရိုက်ရောင်းတဲ့မြေရှင်ကထွက်သွားပြီးနစ်နာသူကပြည်သူဖြစ်နေတယ်ဆိုတာ တင်ပြချင်တာပါ “ လို့ မန္တလေးမြို့ခံ ဝါ့ရင်အိမ်ခြေမြေအကျိုးတော်ဆောင်တဦး ကဆိုပါတယ်။
လူနေထိုင်ဖို့ မြေဝယ်ယူမယ်ဆိုရင် ဂရန်မြေ ၊ ပါပစ်မြေတွေကို ပိုမိုဝယ်ယူသင့်သလိုစီပွါးရေးလုပ်ဖို့ဝယ်ယူမယ်ဆိုရင် (လယ်ယာမြေ) အခြားနည်းအသုံးပြုခွင့်ရထားတဲ့ မြေတွေကို ဝယ်ယူသင့်ပြီး မိမိရည်ရွယ်ချက်အပေါ်မူတည်ပြီးတော့ မြေကိုခိုင်ခိုင်မာမာ ဝယ်ယူသင့်တယ်လို့ အိမ်ခြံမြေလုပ်ငန်းဆောင်ရွက်သူတွေက ဆိုကြပါတယ်။
လက်ရှိမှာတော့ လယ်သမားတွေဆီမှာ တဆင့် အိမ်ခြံမြေကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တချို့က မြို့မြေနဲ့ ရွာမြေမဟုတ်တဲ့ မြေတွေကိုဧကအလိုက်ဝယ်ယူပြီး အကွက်စိပ်ရောင်းချလေ့ရှိသလို ဝယ်ယူသူတွေဖက်ကလည်း တရားဝင်မှုရှိ၊ မရှိစစ်ဆေးမှုတွေအားနည်းကြတယ်လို့ ဥပဒေပညာရှင်တွေက ဆိုကြပါတယ်။
လယ်ယာမြေအပေါ်မှာ သက်ဆိုင်ရာခွင့်ပြုချက်မရှိဘဲ အိမ်ဆောက်လုပ်ခွင့်မရှိပေမယ့် အသစ်ပြဌာန်းထားတဲ့ဥပဒေတွေအရတော့ ရောင်းချတာ၊ ပေါင်နှံတာတွေ လုပ်လို့ရတဲ့အတွက်ဝယ်ယူသူတွေက နစ်နာမှုမရှိရအောင်သေချာစီစစ်သင့်တယ်လို့ ဆိုကြပါတယ်။
“ မူလ ရောင်းချခဲ့တဲ့ကုမ္ပဏီတွေပေါ့ များသောအားဖြင့်ဒါက ပုဂ္ဂိုလ်ကလုပ်တာနည်းတယ် ကုမ္ပဏီအနေနဲ့လုပ်တာများတယ်။ နစ်နာသူတွေအနေနဲ့ကဘယ်သူကိုတရားစွဲခွင့်ရှိသလဲဆိုတော့ သူကိုရောင်းချခဲ့တဲ့ခိုင်မာတဲ့အာမခံချက်တွေအသီးသီးပေးတဲ့ သူတို့ဘာတွေတင်ထားတယ် ခရိုင်ထွေအုပ်ဘာတွေတင်ထားတယ်ခိူင်မာပါတယ်သိမ်းရင်ဘယ်လိုလျော်မယ်ဆိုတာတွေ စာချူပ်ထဲမှာပါတယ် နစ်နာသူက သက်ဆိုင်ရာကုမ္ပဏီတွေကို ရာဇသတ်ကြီး ပုဒ်မ၄၂၀ (လိမ်လည်မှု) နဲ့တရားစွဲမယ်တဖက်ကကျတော့ နစ်နာမှုအတွက်တရားမကြောင်းအရာလျော်ကြေးတောင်းတဲ့အမှုဖွင့်ဆောင်ရွက်နိုင်တယ် “ လို့ တရားလွှတ်တော် ရှေ့နေတဦး ကလည်းပြောပါတယ်။
အရင်NLD အစိုးရလက်ထက်တုန်းကတော့အခုလို လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချတဲ့မြေတွေကိုဝယ်ယူသူထားသူတွေအတွက် အငှါးအိမ်ယာတွေဖော်ဆောင်ပြီး အစားထိုးပေးကာ လယ်ယာမြေတွေကို ပြန်လည်သိမ်းဆည်းထားမျိုးတွေတော့ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အခုဖျက်သိမ်းရမယ် နေအိမ်တွေအတွက်လည်း အငှါးအိမ်ယာတွေဖော်ဆောင်ပြီး အခွန်ငွေရယူကာ ပြန်လည်နေရာချထားတာတွေလုပ်သင့်တယ်လို့ ဆိုကြပါတယ်။
“ ကျနော်သက်ဆိုင်ရာကို အကြံပြုချင်တာက အခုနစ်နာသူတွေကို စာရင်းလုပ်သင့်တယ် ပြီးရင်ပြည်သူအငှါးအိမ်ယာပုံစံမျိုး ဆောက်ပြီး ဦးစားပေးရောင်းချတာမျိုး မြို့ကွက်သစ်တွေဖော်ထုတ်ပြီး ၁၅ပေ ပေ ၃၀ ဖြစ်ဖြစ် ၄၀ ပေပေ ၆၀ ဖြစ်ဖြစ် နစ်နာသူတွေကို ဦးစားပေးချထားပေးတာမျိုးက သုဝနာသာမာသားရွှေအိုးထမ်းလာတဲ့ကိန်းဆိုက်မယ်လို့ တင်ပြချင်တယ် “ လို့ မန္တလေးမြို့ခံ ဝါ့ရင်အိမ်ခြေမြေအကျိုးတော်ဆောင်တဦး ကဆိုပါတယ်။
မန္တလေးမှာ စစ်ကောင်စီက အာဏသိမ်းပြီးနောက်ပိုင်း ကျူးကျော်ရှင်းလင်းရေးအဖွဲ့ဖွဲ့ပြီး မြို့နယ်တိုင်လိုလိုမှာရထားသံလမ်း၊ ဓာတ်တိုင်၊ တာဝါတိုင်နဲ့ နီးကပ်တဲ့ နေအိမ်တွေကို ကျူးကျော်ဆိုပြီးရှင်းလင်းမှုတွေကို ဆက်တိုက်လုပ်နေပါတယ်။
အာဏသိမ်းနှစ်နှစ်ကျော်အတွင်း ကျူးကျော်လို့ဆိုပြီး ရှင်းလင်းခံရတဲ့နေအိမ်ပေါင်း သောင်းချီရှိနိုင်တယ်လို့ဒေသခံတွေက ခန့်မှန်းပြောဆိုထားကြပါတယ်။