ဇွန်၊၂၈
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ငါးပတ်ချောင်းကျေးရွာကို ဇွန်လ ၂၇ ရက်နေ့ မနေ့က စစ်ကောင်စီတပ်တွေကတိုက်ပွဲမရှိဘဲ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ GZ special Task force တာဝန်ရှိသူတဦးကပြောပါတယ်။
“ မနေ့က သရက်ပင်စု ကိုမီးရှို့ပြီးတော့ ငါးပတ်ချောင်းရွာကိုမီးတန်းရှို့သွားတာပဲ။ ပြီးတော့ တခါတည်း စစ်ကြောင်းက တခါတည်းတန်းဆုတ်သွားတာပဲ။ တရွာလုံးနီးပါးမီးလောင်ကုန်တာပေါ့ ။အိမ်ပါသွားတဲ့သူတွေလည်း ငိုတဲ့သူကငိုပေါ့ “ လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
မနေ့က ဇွန်လ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ခမရ ၁၂ အင်အား ငါးဆယ် ကျော်ပါစစ်ကြောင်းဟာ ငါးပတ်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။
မီးရှို့ဖျက်ဆီးပြီးနောက် အဆိုပါ စစ်ကောင်စီတပ်ဟာပျူစောထီးရွာဖြစ်တဲ့ ရွာသာရွာဘက်ကို မနေ့က ညနေ ၆ နာရီခန့်မှာ တပ်ပြန်ဆုတ်သွားတယ်လို့ပြောပါတယ်။
ဝက်လက်မြို့နယ် ၊ငါးပတ်ချောင်းကျေးရွာဟာ အိမ်ခြေ နှစ်ရာခန့်ရှိပြီး အခုလို ရွာလုံးကျွတ်မီးရှို့ခံခဲ့ရတာကြောင့် နေရေးထိုင်ရေးစားရေးသောက်ရေးတွေခက်ခဲနေတယ်လို့ ဆိုပါတယ်။
“ ဘာမှ မကျန်တော့ဘူးဆိုတော့ အိမ်တွေဘာတွေအသစ်ပြန်ဆောက်ရမယ်။ အကုန်လုံး အစစအရာရာ တစ်က ပြန်စရမှာ ။ အစားအသောက်တော်တော်များများလည်းမီးထဲပါသွားတာ။ ပြန်စရမှာ အခက်အခဲတွေကတော့ အကုန်လုံးပါပဲ “ လို့အဲဒီတာဝန်ရှိသူက ပြောထားပါတယ်။