ဂန့်ဂေါမြို့နယ်၊ ကုက္ကားရွာမှာ ပျူစောထီးခေါင်းဆောင် ညီအစ်ကို နှစ်ဦး ပစ်ခတ်ခံရလို့သေဆုံး

ဇွန်၊​၂၈
 
မကွေးတိုင်း ၊ ဂန်‌ဂေါမြို့နယ်၊ ကုက္ကားကျေးရွာ က ပျူစောထီးခေါင်းဆောင်နှစ်ဦးကို ဇွန်လ ၂၆ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကုက္ကားပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ ကုက္ကားက ပျူရွာဗျ။ သူတို့ရဲ့ မိသားစု က သံတော‌၊ ရွှေဘို၊ တောင်ခင်ရန်း အထိ ပစ္စည်းတွေခိုးတယ်။ ရွာတွေကို မီးတွေရှို့တဲ့အထဲမှာ သူတို့တမိသားစုလုံး ပါတယ်။ သေသွားတဲ့သူရဲ့ မိသားစုတွေဗျ။ သူတို့က ပျူစောထီး အမာခံတွေ ကြံ့ခိုင်ရေး အမာခံ တွေပေါ့ဗျ “ လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
ကုက္ကားပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇွန်လ ၂၆ ရက်၊ နေ့လည် ၁ နာရီခန့်မှာ ကုက္ကားရွာနဲ့ သုံးမိုင်ခန့်အကွာ လယ်ကွင်းတနေရာမှာ ပျူစောထီးခေါင်းဆောင် ညီအကို နှစ်ဦးကို ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
သေဆုံးသွားသူ ညီအစ်ကိုနှစ်ဦးမှာ အသက် ၆၅ နှစ်အရွယ် ဦးတင်ဦးနဲ့ အသက် ငါးဆယ်အရွယ် ဦးသန်းစိုးတို့ ဖြစ်ပြီး စစ်ကောင်စီတပ်က ရွာကိုစစ်ကြောင်းထိုးကာ သူတို့ အလောင်းတွေကို ကောက်ပြီး ဇွန်လ ၂၇ ရက် မနေ့က သဂြိုလ်လိုက်တယ်လို့ သိရပါတယ်။
 
သေဆုံးသွားသူ နှစ်ဦးမှာ ပျူစောထီး ခေါင်းဆောင်တွေဖြစ်သလို ကြံခိုင်ရေးပါတီ အမာခံတွေလည်း ဖြစ်ပြီး ရွာထဲက ပျူစောထီးမဟုတ်တဲ့ မိသားစုတွေရဲ့အိမ် ဆယ့်ငါးလုံးနီးပါးကိုလည်း သိမ်းယူထားတယ်လို့ သိရပါတယ်။
 
” ကုက္ကားရွာမှာလည်း ဘယ်လိုပြော သူတို့က အိမ်တွေသိမ်းထာတာ ဆယ့်ငါးလုံးလောက်ရှိပြီဗျ၊ ထွက်ပြေးသွားတဲ့ သူတွရဲ့ ပစ္စည်းတွေကိုလည်း ခိုးယူထားတယ်ဗျ။ လယ်တွေကိုလည်း ယူထားတယ်ဗျ။ လယ်တွေယာတွေကိုလည်း ခိုးယူထားတယ်ဗျ” လို့ ကုက္ကားပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။
 
ကုက္ကားမြို့နယ်မှာ အုပ်ချုပ်ရေးမှူးလုပ်နေတဲ့ ပျူစောထီး ခေါင်းဆောင် ဦးဝင်းမောင်နဲ့ ညီဖြစ်သူ ဦးညီညီထွေးတို့ကလည်း ဒေသခံ ရွာသားတွေရဲ့ပစ္စည်းတွေကို လိုက်လံသိမ်းဆည်းမှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။
 
ဓာတ်ပုံ – Social Media