တိုက်ခိုက်ဖျက်ဆီးခံရတဲ့ ရဲစခန်းအနီးက ပြည်သူပိုင်ခြံမြေတွေကို စစ်ကောင်စီက တပ်ပိုင်မြေအဖြစ် သိမ်းယူ

ဇွန်၊ ၂၈
 
အခုလဆန်းပိုင်းမှာ PDF တွေ စီးနင်းတိုက်ခိုက်ခဲ့တဲ့ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ရဲစခန်း အနီးတဝိုက်က ပြည်သူပိုင် အိမ်ခြံမြေတွေကို စစ်ကောင်စီက တပ်ပိုင်မြေအဖြစ် စာတွေကပ်ပြီး သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ကျွန်မ အမေ့အိမ်ကို တပ်ပိုင်မြေဆိုပြီးတော့ စာကပ်သွားတယ်တဲ့၊ အိမ်ကလဲ မီးအရှို့ခံရသေးတယ်တော်ရေ၊ ဒါကိုတောင်မှ သူတို့က (စစ်ကောင်စီတပ်) မကျေနပ်နိုင်ကြသေးဘူး၊ အိမ်မီးလောင်ပြာကျလို့ ကျန်နေခဲ့တဲ့ မြေလေးကိုတောင်မှ မချန်ဘူး၊ တပ်ပိုင်မြေ လုပ်မယ်ဆိုပြီး စာကပ်သွားတယ်၊ ကောင်းကြသေးရဲ့လား၊ ကျုပ်တို့ရွာက လူတွေကတော့ အကုန်ဘဝပျက်ကြတာပ ” လို့ ညောင်ပင်ကြီးရွာ ဒေသခံတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ မြောက်ဘက် ချင်းတွင်းမြစ်ကမ်းဘေးက ညောင်ပင်ကြီးရွာ ရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေက ဇွန်လ ၉ ရက်မှာ စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီက ညောင်ပင်ကြီးကျေးရွာအုပ်စုနဲ့ အနီးတဝိုက်ကို စစ်ကြောင်းထိုးကာ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ နေ့စဉ်နီးပါးလုပ်ခဲ့ပါတယ်။
“ညောင်ပင်ကြီးရွာ ရဲစခန်း အတိုက်ခံရပြီးကတည်းက နေ့တိုင်းလိုလို စစ်ကောင်စီတပ်တွေက မီးရှို့နေတာ၊ မနေ့ ညကလည်း မီးရှို့တာ တွေ့ရတယ်၊ ကျေးရွာမှာရှိတဲ့ အိမ်ခြေ ၇၀ ရာခိုင်နှုန်းကျော် မီးလောင်ပျက်စီးသွားပြီ ” လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုစစ်ငြိမ်းက DNA ကို ပြောပါတယ်။
ဒါ့အပြင် စီးနင်းတိုက်ခိုက်ခံခဲ့ရတဲ့ ရဲစခန်း အနီးဝန်းကျင်က နေအိမ်တွေကို တပ်ပိုင်မြေအဖြစ် စာကပ်ကြေညာ ကာသိမ်းယူလိုက်တယ်လို့ ကြားသိထားရတယ်လို့လည်း သူကပြောပါတယ်။
တိုက်ခိုက်ဖျက်ဆီးခံရတဲ့ ရဲစခန်းကို စစ်ကောင်စီက တိုးချဲ့ကာ အခိုင်အမာ ပြန်လည်ဆောက်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက DNA ကိုပြောထားပါတယ်။
လက်ရှိမှာ တပ်ပိုင်မြေ အဖြစ် စာကပ်ကြေညာပြီး သိမ်းယူခံလိုက်ရတဲ့ နေအိမ်အရေအတွက် ဘယ်လောက်အထိ ရှိနေတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ညောင်ပင်ကြီးရွာခံတွေဟာ ရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီးကတည်းက စစ်ကောင်စီက စစ်ကြောင်းထိုး မီးရှို့တာ၊ ဖမ်းဆီး သတ်ဖြတ်တာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
“ ဒီကနေ့လည်း ညောင်ပင်ကြီးဘက်မှာ စစ်ကောင်စီတပ်တွေက တိုက်ပွဲမရှိဘဲ ရမ်းသမ်းပစ်ခတ်နေတဲ့ အသံတွေ ကြားနေရတယ်၊ မီးရှို့ခံထားရတဲ့ ညောင်ပင်ကြီးရွာထဲကို ပစ္စည်းတွေ လာသိမ်းတဲ့ အရပ်သားတွေကိုလည်း နောက်တခါလာရင် ပစ်သတ်မယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက ခြိမ်းခြောက်တယ်လို့ သိရတယ် ” လို့ ကိုစစ်ငြိမ်းက ပြောပါတယ်။
ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ညောင်ပင်ကြီးရွာ အပါအဝင် အနီးဝန်းကျင်က ကျေးရွာတွေကိုပါ မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူ ၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။
ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို ဇွန်လ ၂၆ ရက်က စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြည်သူပိုင်ပစ္စည်းတွေကို လုယက်ယူဆောင်ပြီး ညောင်ပင်ကြီးဆိပ်ကမ်းကနေ စက်လှေတွေနဲ့ မုံရွာဘက်ကမ်းကို သယ်ယူသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
ညောင်ပင်ကြီးရဲစခန်း စီးနင်းတိုက်ခိုက်မှုအတွင်း စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီဘက်က ၁၂ ဦး သေဆုံးခဲ့ပြီး လက်နက် ၇ လက်နဲ့ ခဲယမ်းတွေအပါအဝင် ငွေကျပ်သိန်း ၁၄၀ ကျပ်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။
 
အဲဒီစီးနင်းတိုက်ခိုက်မှုအပြီး သီတင်းပတ်နှစ်ခုအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ပစ်ခတ်သတ်ဖြတ်တာ၊ ထွက်ပြေးတိမ်းရှောင်ရင်း သေဆုံးတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ ၁၅ ဦးထက်မနည်း ရှိနေတယ်လို့ ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။
 
ဒေသကာကွယ်ရေးအဖွဲ့တွေ စီးနင်းတိုက်ခိုက်ခဲ့တဲ့ ညောင်ပင်ကြီးရဲစခန်းဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရှေ့ဘက်မှာ တည်ရှိပြီး ချင်းတွင်းမြစ်တဖက်က မုံရွာမြို့ဘက်ကို ဖြတ်ကူးတဲ့ ညောင်ပင်ကြီးဆိပ်၊ ဆားလင်းကြီးမြို့ သွား ကားလမ်းမပေါ်နဲ့ ပုသိမ်-မုံရွာ သွား ကားလမ်းမအနီးမှာ တည်ရှိတာကြောင့် နယ်မြေဒေသအခြေအနေအရ အချက်အချာကျတဲ့နေရာမှာ တည်ရှိပါတယ်။
 
ဓာတ်ပုံ – Social Media