ပုသိမ်ကြီးမှာ အမည်မသိအမျိုးသားအလောင်းတလောင်း တွေ့ရှိ

 

ဇွန်၊ ၂၈
 
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မင်းကြီးရန်နောင် ရပ်ကွက် လမ်းရွာရှည် လမ်းအရှေ့ဘက်မှာ ဆေးသုံးထားတယ်လို့ ယူဆရတဲ့ အမျိုးသားအလောင်း တလောင်း ဇွန်လ ၂၈ ရက် ဒီကနေ့ မနက်မှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
 
“ ဒဏ်ရာဒဏ်ချက် မတွေ့ဘူးဗျ။ ညတည်းက သေနေတယ်ထင်တယ်။ လူက တောင့်နေတယ် ၊ ဒီနေ့သေတဲ့နေရာ ကဆေးသမားတွေ တွေ့ရတာများတယ်ဗျ။ မူးယစ်ဆေး အလွန်အကျွံ သုံးပြီး လျှော့ဖြစ်လို့သေရင် ဒီနားမှာ လာပစ်ကြတာများတယ်။ ဒီနေ့ သေတဲ့အကိုကလည်း မူးယစ်ဆေးသုံးတဲ့ လက္ခဏာ ရှိလောက်တယ်။ ဘာလို့လည်းဆိုတော့ သူ့ရဲ့လက်မှာက ဆေးထိုးတဲ့နေရာလေးမှာ သွေးလေးတွေဆို့ပြီး ကျနေတယ်ဗျ “ လို့ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ က တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဒီကနေ့ ဇွန်လ ၂၈ ရက်နေ့မနက် ၆ နာရီဝန်းကျင်မှာ ပုသိမ်ကြီးမြို့နယ်၊ မင်းကြီးရန်နောင်ရပ်ကွက် အနီး ပြင်ဦးလွင်တက်တဲ့ ဖြတ်လမ်းမှာ အသက် လေးဆယ်ဝန်းကျင် အမျိုးသား အလောင်းတလောင်း တွေ့ရှိတယ်လို့ ဒေသခံတွေရဲ့ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ သွားရောက်သယ်ယူခဲ့တာလို့ သိရပါတယ်။
 
သေဆုံးသူ အမျိုးသားမှာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘဲ အလောင်းကို လူမှုကူညီရေး အသင်းကားနဲ့ မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကာ အုန်းချော ရဲစခန်းက တာဝန်ယူ စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
 
ဇွန်လ ၁၇ ရက်ကလည်း ပုသိမ်ကြီးမြို့နယ် သမ္မတော်ရွာ အနီးမှာ အသတ်ခံထားရတယ်လို့ ယူဆရတဲ့ အမျိုးသမီးအလောင်း တွေ့ရှိခဲ့ရသလို ပုသိမ်ကြီးမြို့နယ်အတွင်းမှာ မကြာခဏ လူသေအလောင်းတွေ တွေ့ရတတ်တယ်လို့ မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့ က တာဝန်ရှိသူမှ ပြောပါတယ်။
 
ဓာတ်ပုံ – မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့