ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် ထောင်ဒဏ် လေးနှစ် ထပ်ချခံရ

ဇွန်၊ ၂၈
 
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ မဝတ်ရည်အောင်ကို စစ်ကောင်စီက ဇွန်လ ၂၇ ရက်မှာ အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ်လေးနှစ် ထပ်မံချမှတ်လိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
 
မဝတ်ရည်အောင်အပါအဝင် ဒဂုံတက္ကသိုလ်ကျောင်းသူ/သား ခြောက်ဦးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်ညက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
 
အင်းစိန်ထောင်မှာ အကျဉ်းချခံထားရတဲ့ သတ္တဗေဒ၊ ဒုတိယနှစ်ကျောင်းသူ မဝတ်ရည်အောင်ကိုတော့ မတည်ငြိမ်အောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅၀(က)၊ အကြမ်းဖက်မှုပုဒ်မ ၅၂(က) တို့နဲ့ တရားစွဲဆိုခဲ့တာပါ။
 
စစ်ကောင်စီလက်အောက်ခံတရားရုံးက မဝတ်ရည်အောင်ကိုပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်ကလည်း ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ထားလို့ အခုထောင်ဒဏ်လေးနှစ်နဲ့ပေါင်းရင် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံထားရတာလည်း ဖြစ်ပါတယ်။
 
ဒါ့အပြင် မဝတ်ရည်အောင်နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့သူတွေထဲက မသဥ္ဇာမော်ကတော့ ထောင်ဒဏ် ၁၃ နှစ်၊ ကိုစည်သူအောင်တင်ကတော့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံထားရပါတယ်။
 
မဝတ်ရည်အောင်ဟာ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ နှိပ်စက်ခံထားရတာတွေကြောင့် ကျန်းမာရေး စိုးရိမ်နေရပြီး ဆေးဝါးကုသမှုလည်း အလုံအလောက်မရဘူးလို့ သူနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
 
” သူက သတိလစ်တာ ခဏခဏဖြစ်နေတာ၊ ဖြစ်ရင်လည်း ခဏပဲမဟုတ်ဘူး ရက်ကြာတယ်။ အဲလိုဖြစ်နေတာတောင် အင်းစိန်ထောင်မှာ ဆေးကုသမှု အပြည့်အဝမရဘူး၊ သူ့ကို အင်းစိန်ထောင်ကနေ ဒိုက်ဦးထောင်ရွှေ့သေးတယ်၊ ဒါပေမယ့် ကျန်းမာရေးက တော်တော်ဆိုးနေတော့ ဒိုက်ဦးထောင်က လက်မခံဘဲ ပြန်ပို့လိုက်တာ ” လို့ အင်းစိန်ထောင်ကနေ ပြန်လွတ်လာတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုလင်းဆက်က DNA ကို ပြောပါတယ်။
 
မဝတ်ရည်အောင်ဟာ အဖမ်းခံရပြီး သုံးလအကြာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှာ နှိပ်စက်ဒဏ်ရာတွေကြောင့် လေဖြန်းသွားခဲ့ပြီး အင်းစိန်ထောင် ထောင်တွင်းဆေးရုံမှာ တက်ရောက်ကုသမှု ခံယူခဲ့ရပါတယ်။
 
အဲဒီနောက် ဦးနှောက်မှာ အကျိတ်တွေ့တာကြောင့် အကျဉ်းထောင်ပြင်ပဆေးရုံမှာ တက်ရောက်ကုသခွင့်ရဖို့ သူ့မိသားစုက အကျဉ်းထောင်အာဏာပိုင်တွေကို တောင်းဆိုခဲ့ပေမယ့် ချက်ချင်းကုသခွင့်မရဘဲ နောက်ပိုင်းမှသာ အကန့်အသတ်နဲ့ ခွင့်ပြုပေးတယ်လို့ သိရပါတယ်။
 
” အပြင်မှာ ကုသခွင့်က နည်းနည်းပါးပါးပဲရတော့ ထိထိရောက်ရောက်ကုမရဘဲဖြစ်နေတာ၊ ဘယ်နရက်ပဲ ဘယ်ဆရာဝန်နဲ့ ကုသလို့ရမယ် အဲလိုမျိုးကန့်သတ်ထားတာ၊ အဲလိုရဖို့ကို သူ့မိသားစုရော၊ ထောင်ထဲက ရဲဘော်တွေပါ တော်တော်တောင်းဆိုလိုက်ရတာ ” လို့ ကိုလင်းဆက်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်ကလည်း ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးကို အင်းစိန်ထောင် စစ်ခုံရုံးကနေ ပုဒ်မ ၃၀၂(က)နဲ့ သေဒဏ်ချမှတ်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Dagon University Students’ Union