ဇွန်၊ ၂၈
ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဒေသခံပြည်သူတွေရဲ့ မြေကွက်တွေကို အကွက်ရိုက်ပြန်လည်ရောင်းချနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူး အာဏာအလွဲသုံးမှုနဲ့ အရေးယူခံထားရတယ်လို့ မြေပိုင်ရှင်တွေဆီက သိရပါတယ်။
” သူက ကျွန်တော်တို့ မြေကွက်တွေ အပါအဝင်ပေါ့ တော်တော်များများကို ရောင်းထားတာ။ ကျွန်တော်တို့လည်း ကိုယ့်မြေဆိုတော့ သက်ဆိုင်ရာဌာနတွေကို တိုင်တာပေါ့။ သိရတာကတော့ ဒီတိုင်ကြားစာတွေနဲ့ပတ်သက်ပြီး မနေ့က အရေးယူတယ်လို့တော့ သိရတယ်။ နာမည်တော့ မပြောတော့ပါဘူး ” လို့ မြေပိုင်ရှင်တဦးက DNA ကိုပြောပါတယ်။
လက်ရှိမှာတော့ အရေးယူခံထားရတဲ့ စစ်ကြောင်းမှူး ဘယ်လိုပုံစံမျိုးနဲ့ အရေးယူထားတယ်ဆိုတာကို မသိရသေးသလို အကွက်ရိုက်ရောင်းချထားတဲ့ မြေကွက်တွေကို ဘယ်လိုပုံစံ လုပ်ဆောင်ပေးသွားမယ် ဆိုတာကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
” အရေးယူခံရတယ် ဆိုတာကတော့ အသေအချာပဲ။ ကျွန်တော်တို့လည်း ကိုယ်နည်းကိုယ့်ဟန်နဲ့ စုံစမ်းတာပေါ့။ သူက အခုဒီမှာ မရှိတော့ဘူး ” လို့ မြေပိုင်ရှင် နောက်တဦးကလည်း ပြောပါတယ်။
တောင်ဒဂုံမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ တာဝန်ကျ စစ်ကြောင်းမှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေဟာ ဒေသခံပြည်သူပိုင်မြေကွက်တွေကို မြေပိုင်ဆိုင်မှု မိတ္တူတွေနဲ့ ရောင်းချပြီး ပေ ၂၀၊ ပေ ၄၀ မြေတစ်ကွက်ကို ငွေကျပ်သိန်း တရာခန့်နဲ့ ရောင်းချနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အရေးယူခံထားရတဲ့ စစ်ကြောင်းမှူးဟာ မြေကွက်ပိုင်ရှင် အနည်းဆုံး ခုနှစ်ဦးရဲ့ မြေကွက်ပေါင်း ငါးဆယ်နီးပါးကို ပလပ်မြေတွေဖြစ်တဲ့အတွက် စစ်ကောင်စီဆီမှာ ဂရမ်ထုတ်ရောင်းချနေတာလို့ ပြောဆိုရောင်းချခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြေကွက်ပိုင်ရှင်တဦးဟာ မြေဧကပေါင်း သုံးဆယ်ကနေ ငါးဆယ်အထိ ပိုင်ဆိုင်ကြတယ်လို့လည်း မြေကွက်ပိုင်ရှင်တွေက ပြောထားပါတယ်။
ဒီလို ရောင်းချမှုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တချို့လည်း ပါဝင်ခဲ့ပေမယ့် သူတို့ကို အရေးမှုအပိုင်းတွေ မရှိသေးပေမယ့် သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးတာတွေ လုပ်မယ်ဆိုတာကိုတော့ ကြားနေရပြီလို့လည်း မြေပိုင်ရှင်တချို့က ပြောပါတယ်။
” ကျွန်တော်တို့ ကြားတာတော့ ဒီစစ်ကြောင်းမှူးက နာမည်တွေ ထွက်နေလို့ အခုလို အရေးယူခံရတာပေါ့။ အုပ်ချုပ်ရေးမှူးနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူတွေကိုတော့ ခေါ်စစ်မယ့် အခြေအနေ ရှိတယ်လို့ ကြားရတယ် ” လို့လည်း ဒေသခံတဦးက ပြောပါတယ်။
အခုလို စစ်ကြောင်းမှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေရဲ့ ဒေသခံပြည်သူပိုင် မြေကွက်တွေကို ရောင်းချနေတာဟာ စစ်အာဏာသိမ်းပြီးနောက် ပိုမိုများပြားလာတဲ့အပြင် တချို့မြေကွက်တွေကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက ကျူးကျော်ဝင်ရောက်ပြီး ခြံခတ်တာတွေကိုပါ လုပ်ဆောင်တာတွေ ရှိနေသေးတယ်လို့လည်း မြေပိုင်ရှင်တွေက ပြောကြပါတယ်။
ဓာတ်ပုံ – Social Media