ဘီယာစက်ရုံ ယိုစိမ့်မှုကြောင့် ဂျပန် ဆိပ်ကမ်း တခုမှာ ရေတွေ အနီရောင်ပြောင်းသွား

ဇွန်၊ ၂၈

ဂျပန်နိုင်ငံမှာ ဘီယာစက်ရုံ တခုကနေ ယိုစိမ့်မှု ဖြစ်ပွားရာက အနီးမှာရှိတဲ့ ဆိပ်ကမ်း တခုက ရေတွေ နီမြန်းသွားတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

အိုကီနာဝါ ခရိုင်က နာဂိုကျွန်းမှာရှိတဲ့ ဒေသခံတွေဟာ ဇွန်လ ၂၇ ရက် မနက်ပိုင်းက နိုးထလာချိန်မှာ ပုံမှန်မဟုတ်တဲ့ ပတ်ဝန်းကျင် မြင်ကွင်းကြောင့် တအံ့တဩ ဖြစ်ခဲ့ကြပါတယ်။ အကြောင်းကတော့ ပြာလဲ့ကြည်လင်နေတဲ့ ပင်လယ်ရေတွေဟာ အနီရောင်အဖြစ် ပြောင်းလဲနေလို့ပါပဲ။

အကြောင်းရင်းကို စုံစမ်းကြည့်တဲ့အခါ အနားက မြစ်လက်တက် တခုမှာ တည်ဆောက်ထားတဲ့ Orion Breweries ကုမ္ပဏီပိုင် ဘီယာ စက်ရုံမှာ စက်တွေကို အအေးပေးတဲ့ Coolant အရည်တွေက ယိုစိမ့်ပြီး ပမာဏ အများအပြားနဲ့ မြစ်ထဲ စီးဝင်ရာက ပင်လယ်ကမ်းစပ်မှာပါ ရေအရောင် ပြောင်းသွားမှန်း သိရှိလာရပါတယ်။

နာဂိုကျွန်းဟာ ပြာလဲ့ပြီး ကြည်လင်လှတဲ့ ရေတိမ် အပန်းဖြေ ကမ်းခြေတွေကြောင့် လူသိများတဲ့ နေရာတခုပါ။ အခုတော့ ပင်လယ်နီဟာ ဂျပန်ပိုင်နက်ထဲ ရွေ့လာပြီလို့ လူမှုကွန်ရက် သုံးစွဲသူ တချို့က အရွှန်းဖောက် ရေးသားရင် ဆိပ်ကမ်းက အနီရောင် ရေပြင်ရဲ့ ဗီဒီယိုတွေကို အင်တာနက်ပေါ် မျှဝေခဲ့ကြပါတယ်။ အနီရောင် ရေတွေဟာ ဆိပ်ကမ်းနဲ့ သိပ်မဝေးတဲ့ နေရာက အပန်းဖြေ ကမ်းခြေတခုထိ ပျံ့နှံ့ ရောက်ရှိခဲ့ပါတယ်။

Orion Breweriesက ဒေသခံတွေ အထိတ်တလန့် ဖြစ်သွားစေခဲ့တဲ့ အခုအမှားအယွင်းအတွက် အနူးအညွတ် တောင်းပန်ခဲ့ပြီး နောက်တခါ ထပ်မဖြစ်အောင် အလေးအနက် ဂရုစိုက်ပါ့မယ်လို့ ကတိပြုခဲ့ပါတယ်။ Coolant အရည်တွေ ယိုစိမ့်မှုကြောင့် ပတ်ဝန်းကျင် ဂေဟစနစ်အပေါ် ကြီးကြီးမားမား ထိခိုက် သက်ရောက်မှုတော့ မရှိနိုင်ဘူးလို့ ဒေသခံ ကျန်းမာရေး ပညာရှင် တဦးက မှတ်ချက်ပေး ပြောဆိုထားပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ ဒေသခံ အာဏာပိုင်တွေက သီးခြား စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

Ref: Japan Times