ပုလဲမှာ စစ်ကောင်စီ လေကြောင်းကဗုံးကြဲလို့ သံဃာတပါးပျံလွန်ပြီး အရပ်သားဆယ်ဦး သေဆုံး

 

ဇွန်၊ ၂၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က နေရာနှစ်ခုကို စစ်ကောင်စီက ဒီကနေ့ တရက်တည်း ဗုံးကြဲတိုက်ခိုက်ရာမှာ ဘုန်းတော်ကြီးကျောင်းတကျောင်းလည်း ဗုံးထိမှန်းခဲ့ပြီး သံဃာတပါးအပါအဝင် စုစုပေါင်း အရပ်သားဆယ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

 ပုလဲမြို့ တောင်ဘက်လေးမိုင်ဝန်းကျင်အကွာက ညောင်ကုန်းရွာနဲ့ ပုလဲမြို့ အနောက်မြောက်ဘက်က မြောက် ယမားဆည် အနီးတို့မှာ စစ်ကောင်စီက ဒီကနေ့တရက်တည်း လေကြောင်းက ဗုံးကြဲခဲ့တာဖြစ်ပြီး ညောင်ကုန်း ရွာက ဘုန်းတော်ကြီးကျောင်း ပျက်စီးခဲ့သလို သံဃာတပါးအပါအဝင် စုစုပေါင်း သေဆုံးသူ ဆယ်ဦးရှိခဲ့တာ

လို့ သိရပါတယ်။

 “ဘုန်းကြီးကျောင်းထဲမှာ တလုံးကျတယ်၊ရွာထဲမှာ တလုံးကျပါတယ်၊ဘုန်းကြီးကျောင်းပေါ်ကျတဲ့တလုံးကြောင့် သံ ဃာတပါး ပျံလွန်တော်မူသွားတယ်၊ရွာထဲကိုကျတဲ့အလုံးက နေအိမ် ၁၃ လုံး မီးလောင်သွားပြီးတော့ ပြည်သူ ကိုးဦး အလောင်းတွေတွေ့ထားတယ်၊အခြား ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်၊လက်ရှိ နယ်မြေရှင်းလင်း ရေးတွေ လုပ်နေဆဲပါ”လို့ပုလဲမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။

 ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေပြီး လက်ရှိ စာရင်းတွေအရ ဒဏ်ရာရသူ ၁၃ဦးရှိတယ်လို့သိ ရပါတယ်။ မြောက်ယမားဆည်အနီးက ဆည်မြောင်း ဌာနပိုင် ရှင်းလင်းရေး အဆောက်အအုံကိုပေါ်ကို ဗုံးကြဲတိုက်ခိုက်မှုမှာ လည်း အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ အဲ့ ဒီ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကပြောပါတယ်။

 စစ်ကောင်စီက Yak-30 တိုက်ခိုက်ရေးလေယာဉ်နဲ့လာရောက် ဗုံးကြဲတိုက်ခိုက်ချိန်မှာ ဒေသအတွင်း တိုက်ပွဲဖြစ်နေ တာမျိုး မရှိဘူးလို့ ဆိုပါတယ်။ညောင်ကုန်းကျေးရွာဗုံးကြဲခံရမှုကြောင့် သေဆုံးသူတွေထဲမှာ သံဃာတပါး၊ အမျိုး သားခြောက်ဦးနဲ့ အမျိုးသမီးသုံးဦးပါဝင်တယ်လို့သိရပါတယ်။

 အခုလို တိုက်ပွဲမရှိဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ သာသနိကအဆောက်အအုံတွေနဲ့လူနေအိမ်တွေကို လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ကောင်စီအနေနဲ့ မြေပြင်ကနေ စစ်ကြောင်းထိုး ဖို့အတွက်ခက်ခဲလာတာ နယ် မြေစိုးမိုးမှုမရတော့တာတွေကြောင့်ဖြစ်တယ်လို့ ပုလဲမြို့နယ်က မြေပြင်သတင်းတွေကိုဖော်ပြပေးနေတဲ့ Pale Entertainment က ကိုနေသူရကပြောပါတယ်။

 “နောက်တခုက ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပါဝင်မှု အားကောင်းလာနေတာကို စိုးရိမ်တဲ့ အတွက် အခုလို အပြစ်မဲ့ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ပြတယ်လို့ မြင်တယ်”လို့ သူကဆိုပါ တယ်။

 လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားခဲ့တဲ့နေရာတွေကို ဒေသခံကာကွယ် ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုတွေပြု လုပ် ပေးနေတယ်လို့လည်း သိရပါတယ်။ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေရ တယ် လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းတဲ့အချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ နှစ်နှစ်ကျော်ကာလအတွင်း လေ ကြောင်းက တိုက်ခိုက်မှု ၁၄၂၇ ကြိမ်ရှိခဲ့ပြီး အရပ်သား ၆၃၄ ဦးသေဆုံးခဲ့တယ်လို့ဉာဏ်လင်းသစ်သုတေသ နအဖွဲ့က မေလ ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ နိုင်ငံတဝှန်းမှာ လူငါးဦး ထက် မနည်းသေဆုံးတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း အနည်းဆုံး ၁၄၇ ကြိမ်ကျူးလွန်ခဲ့ပြီး လူပေါင်း ၁၅၉၂ ဦးသေဆုံးခဲ့တယ်လို့လည်း မေလ ၂၆ ရက်က ထုတ်ပြန်ထားပါတယ်။