ရေးမြို့နယ်၊ ဒူးယား ကျေးရွာမှာ ပျူစောထီးခေါင်းဆောင်တဦး ပစ်ခတ်ခံရလို့သေဆုံး

ဇွန် ၊ ၂၇

မွန်ပြည်နယ်၊ ရေးမြို့နယ် ၊ဒူးယားကျေးရွား သချိုင်းမှာနာရေးလာပို့တဲ့ စစ်မှုထမ်းဟောင်း ပျူစောထီးခေါင်းဆောင်တဦးကို တော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ ရေးဘီးလူးအဖွဲ့ ဇွန်လ ၂၆ ရက် မနေ့က ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

“ သူက  ကျေးရွာထဲမှာ လက်နက်ပြပြီး အနိုင်ကျင့် ဗိုလ်ကျတယ်။ ပြည်သူတွေဆီက ဆက်ကြေးလည်းတောင်းတာပေါ့ ။သူက ပျူစောထီးခေါင်းဆောင် လည်းဖြစ်တယ်။ PDF တွေရဲ့သတင်းတွေလည်း စစ်ကောင်စီကိုပေးတယ် ။သူတို့ရဲ့ မိဘတွေဆီက အကြပ်ကိုင်ငွေတောင်းတာတွေလည်းရှိတယ်  “ လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

 ဇွန်လ ၂၆ ရက်မနေ့က နေ့လည်၁၂ နာရီမှာ အစင်ကျေးရွာမှာနေထိုင်သူ အသက် ၆၄ နှစ်အရွယ် စစ်မှုထမ်းဟောင်းပျူစောထီးခေါင်းဆောင် ဦးစိုးအောင်ကို ဒူးယားသချိုင်းသို့ နာရေးလာပို့စဉ် သေနတ်လေးချက်ပစ်ပြီးပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သေဆုံးသူဦးစိုးအောင်ဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးတာ ရှိတဲ့အပြင်  စစ်ကောင်စီတပ်က ဦးစိုးအောင်ကိုသေနတ်အတို ၊အရှည်ပေးထားပေမယ့် ပစ်ခတ်မှုအတွင်း လက်နက်တွေကိုတော့ သိမ်းယူနိုင်ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။

ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်တွေက လမ်းတွေပိတ်ပြီး ဒေသခံတွေကို စစ်ဆေးမေးမြန်းတာ ၊ ပစ်ခတ်ဖမ်းဆီးတာတွေ ရှိပေမယ့် အသေးစိတ်ကိုတော့ အတည်ပြုလို့ မရသေးဘူးလို့  လည်း ရေးဘီလူးခေါင်းဆောင်က ဆိုပါတယ်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်မှာ  လမိုင်းမြို့ ၊လဝက ဦးစီးမှူးဟောင်း ရဲ့ဇနီးဖြစ်သူဒေါ်စန်းမြင့်ကြွယ် ကို ရေးဘီးလူးအဖွဲ့ကပစ်ခတ်လို့ သေဆုံးခဲ့သလို ရေးမြို့နယ်ချောင်းတောင်တံတားစစ်ဆေးဂိတ်ကို  သွားရောက်ပစ်ခတ်ခဲ့စဉ် စစ်ကောင်စီတပ်သားလေးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။