ကင်းတော်ရွာ PDF စခန်းစီးနင်းခံရမှု အလောင်းနှစ်လောင်းထပ်တွေ့၊ သေဆုံးသူ နှစ်ဆယ်ဦးရှိလာ

ဇွန် ၊၂၇

စစ်ကိုင်းမြို့နယ် ၊ကင်းတော်ရွာ PDF စခန်းကို ဇွန် ၂၅ ရက်က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့အပြီး အလောင်းနှစ်လောင်း ကိုဇွန်လ ၂၇ ရက် ဒီကနေ့မှာထပ်မံတွေ့ရှိတဲ့အတွက် သေဆုံးသူနှစ်ဆယ်အထိရှိလာပြီဖြစ်ပါတယ်။

“ရဲဘော်နှစ်ဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ ထပ်တွေ့တယ်။ သူတို့နှစ်ဦးက ငါန်းဇွန် ပကဖအဖွဲ့က ရဲဘော်တွေပါပဲ။ စစ်ကြောင်းကတော့ ဒီကနေ့လည်း အဲဒီနေရာတွေမှာ(ကင်းတောရွာအနီးဝန်းကျင်) ဆက်တိုက်ထိုးနေတုန်း”လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ကင်းတော်ရွာ PDF စခန်းကို ဝင်စီးပြီး အဲဒီနေ့ ညနေမှာပဲ ဒေသကာကွယ်ရေးအဖွဲ့တွေက နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်ခဲ့ရာ ယနေ့ ဇွန် ၂၇ ရက်မှာ ရဲဘော် နှစ်ဦးရဲ့ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဇွန် ၂၅ ရက်ညနေပိုင်းနဲ့ ဇွန် ၂၆ ရက်တို့မှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာမှာ ရဲဘော်၁၅ ဦးနဲ့ ရဲမေ နှစ်ဦးစုစုပေါင်း ၁၅ ဦးတို့စုစုပေါင်း ၁၇ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ကြတာပါ။

စစ်ကောင်စီတပ်သားတွေဟာ သူတို့သတ်ဖြတ်လို့သေဆုံးခဲ့တဲ့ PDF ရဲဘော်၊ ရဲမေ ၁၇ ဦးအနက် ရဲဘော်အချို့ကို မီးရှို့သွားခဲ့ပြီး သူတို့အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့တဲ့ ရဲမေနှစ်ဦးကိုတော့ ဝိုင်းဝန်းနှိပ်စက်ထားတဲ့ဒဏ်ရာတွေနဲ့ ပစ်ထားခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူက ဆိုပါတယ်။

“အမျိုးသမီးရဲမေလေးနှစ်ယောက်က မုဒိမ်းကျင့်ပြီးအသတ်မခံရခင်အချိန်မှာ အတော်လေးကို နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေတွေ့ရတယ်။ အမျိုးသမီးရဲ့အင်္ဂါမှာထိုးသွင်းထားတဲ့ ဒဏ်ရာတွေတွေ့ရသလို ခန္ဓာကိုယ်ပေါ်မှာလည်း ကြိုးနဲ့တုတ်ထားတဲ့ပုံစံ ဒဏ်ရာတွေတွေ့ရတယ်။ မစင်တွေထွက်နေတာလည်း တွေ့ရတယ်။ သူတို့ကိုတော့ အခြားရဲဘော်တွေနဲ့အတူတူ မနေ့ကပဲ(ဇွန် ၂၆) သင်္ဂြိုလ်လိုက်ပါပြီ”လို့ ဒေသခံသတင်းရင်းမြစ်က DNA ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာအရပ်သားတွေဖြစ်တဲ့ ကင်းတော်ရွာကအသက် ငါးဆယ်အရွယ် ဦးမောင်စန်း၊အသက် ၃၇ နှစ်အရွယ်ကိုမြင့်ကျော်သူနဲ့ မြင်းဆည်ကျေးရွာကအသက် ၆၉နှစ်အရွယ် ဦးပေါက်စတို့ကိုလည်းပစ်ခတ်သတ်ဖြတ်သွားခဲ့ပါတယ်။

  ရင်ဘတ်ကျည်ထိမှန်သေဆုံးသွားခဲ့တဲ့ ဦးပေါက်စရဲ့ဇနီးဖြစ်သူဟာ ပျောက်ဆုံးနေတဲ့နှစ်ဦးအနက် တဦးအပါအဝင်ဖြစ်ပြီး ကျန်တဦးလယ်ပါယ်တောရွာက ကိုဖိုးပြားဖြစ်တယ်လို့ လည်းဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကိုင်းမြို့နယ်ထဲက ကင်းတော်ရွာအနီးရှိ PDF စခန်းဟာ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ဘက်နေ လာရောက်အခြေစိုက်ထားတဲ့စခန်းတစ်ခုဖြစ်သလို CDM ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဦးဆောင်နေတာဖြစ်တယ်လို့လည်း စုံစမ်းသိရပါတယ်။

ဇွန် ၂၅ ရက်က PDF စခန်းတွေကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် လယ်ပါယ်တောရွာက အိမ်ခြေ တရာ ဝန်းကျင် မီးလောင်ပြာကျခဲ့ရသလို ကင်းတော်၊ သုံးလင့်နဲ့ ဥယျာဉ်ရွာဘေးမှာရှိတဲ့ တဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

အဲ့ဒီစီးနင်းမှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကိုင်းမြို့နယ် ကင်းတော်ကျေးရွာ၊ ဥယျာဉ်ကျေးရွာနဲ့ လက်ပံတောကျေရွာတွေအနီးမှာ PDF တပ်တွေ ရှိနေတယ်ဆိုတဲ့သတင်းအရ သွားရောက်တိုက် ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုကနေ လက်နက်ခဲယမ်းတွေနဲ့ ရုပ်အလောင်းတွေရရှိတယ်လို့ ဆိုပေမယ့် ဘယ်နှဦးဆိုတာကိုတော့ ဖော်ပြမထားပါဘူး။လက်နက်ခဲယမ်းသိမ်းဆည်းမှုစာရင်းမှာတော့ စနိုက်ပါ သေနတ်တလက်လည်း ပါဝင်သလို စုစုပေါင်းလက်နက်မျိုးစုံ ၁၅လက် နဲ့ ခဲယမ်းတွေအများအပြားရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမွှေနှောက်နေတာကြောင့် ဒေသခံပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။

Photo-SYP