ဇွန် ၊၂၇
အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝန်းကနေအိမ်သောင်းချီကိုကျူးကျော်လို့ဆိုကာ ဖယ်ရှားဖျက်ဆီးမှုတွေ လုပ် ခဲ့တဲ့ စစ်ကောင်စီဟာ လက်ရှိမှာလည်း မန္တလေးပုသိမ်ကြီးမြို့နယ်က နေအိမ်ငါးရာလောက်ကို အလားတူ ဖယ်ရှား ခိုင်းနေပြန်တယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။
“ လယ်ယာမြေတွေပေါ်မှာ ဆောက်ထားလို့ဆိုပြီး ဖယ်ဖို့စာလာကပ်သွားတယ်၊တအိမ်ချင်းစီလိုက် ဝေတာမျိုး တော့ မဟုတ်ဘူ၊အကုန်လုံးစိတ်ညစ်နေကြတာပေါ့၊ကျူးကျော်နေတာမျိုးမှ မဟုတ်တာအကုန်လုံးက ဝယ်နေ ကြတာလေ၊ကြိုတင်အသိပေးတာလည်းမဟုတ်ဘူး၊အခုလိုကပ်ပြောတော့ဘယ်ကိုပြောင်းနေရမှန်းကို မသိ တော့ဘူး“ လို့ ဖယ်ရှားဖို့အသိပေးခံထားရတဲ့ ပုသိမ်ကြီးမြို့နယ် ကံကောက်ကျေးရွာက ဒေသခံ အမျိုးသမီး တဦးကပြောပါတယ်။
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နန်းဦးလွင် ကျေးရွာအုပ်စု၊ ကံကောက်ကျေးရွာကနေအိမ်တွေကို ကျူးကျော်လို့ဆိုကာ ဇူလိုင် ၆ ရက်နောက်ဆုံးထား ဖယ်ရှားပေးဖို့အသိပေးစာကို အရပ်ဝတ်နဲ့ လူတစုက လမ်းထိပ်မှာ စာလာ ကပ်သွားတာလို့ ဆိုပါတယ်။
နေအိမ်တွေဖယ်ရှားခိုင်းတာနဲ့ ပက်သက်လို့ စစ်အုပ်စုကလာကပ်သွားတဲ့ စာထဲ မှာ လယ်ယာမြေ လုပ်ပိုင်ခွင့်လက် မှတ် (ပုံစံ-၇) ရရှိထား တဲ့ မြေပေါ်မှာတရားမဝင် ကျူးကျော်ဆောက်လုပ်ထားတာကြောင့် ဖယ်ရှားပေးရမှာဖြစ် တယ်လို့ဖော်ပြထားပါတယ်။
ဒါ့အပြင် သတ်မှတ်ရက်အတွင်း ဖယ်ရှားမပေးတဲ့နေအိမ်တွေကို လယ်ယာမြေ ဥပဒေ နည်းဥပဒေတွေနဲ့ အရေးယူသွားမယ်လို့လည်း ခြိမ်းခြောက်ထားပါသေးတယ်။
“ တချို့ နားမလည်တဲ့ လူကျတော့လည်း အခုလိုပဲ ပွဲစားက ပုံစံ -၇ ပါတယ် ဒီလိုပဲအရောင်းအဝယ်လုပ်ရ တယ် ပြောပြီး ရောင်းကြဝယ်ကြတာပေါ့၊ဒီလိုအစိုးရနဲ့တွေ့တော့ အကုန်နစ်နာရတာပေါ့၊အဲဒီနေရာတွေကို ကျူးကျော်ဆိုပြီးရှင်းတယ် ဟုတ်ပြီ၊ ဒါဆိုစီမံကိန်းတွေဆက်လုပ်မှာလား၊ လယ်ယာပဲပြန်စိုက်ခိုင်းမှာလားပေါ့ တကယ်တော့ နေရာလုတာပါပဲ၊သူတို့နဲ့ နီးစပ်သူတွေပဲ လုပ်ပိုင်ခွင့်တွေပြန်ချထားပေးလိမ့်မယ် “ လို့ မန္တလေးမြို့ခံတဦးက ဝေဖန်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တခုအကြာ ဇွန်လ ၂၀ ရက် ကလည်း ပြည်ကြီးတံခွန် မြို့နယ် ကံကြီး ကုန်း ကျေးရွာ ရှိ နေအိမ်တွေကို စစ်အုပ်စုက ကျူးကျော်လို့ဆိုကာ ဘူဒိုဇာတွေနဲ့ ဖျက်ဆီးဖယ်ရှားခဲ့ပါသေးတယ်။
အာဏာသိမ်းပြီးနောက် မန္တလေးမှာ စစ်ကောင်စီက ကျူးကျော်ရှင်းလင်းရေး အဖွဲ့ဖွဲ့ပြီး မြို့နယ် တိုင်း လိုလိုမှာ ရထားသံလမ်း၊ ဓာတ်တိုင်၊ တာဝါတိုင်နဲ့ နီးကပ်တဲ့ နေအိမ်တွေကို ကျူးကျော်ဆိုပြီးရှင်းလင်းနေတာပါ။ ဒါပေမယ့်အဲဒီအထဲက တချို့နေရာတွေ မှာ စစ်အုပ်စု နဲ့ နီးစပ်သူတွေက ခြံစည်းရိုး တွေ အခိုင်အမာ ပြန်ခတ်ထားတယ် လို့ ဒေသခံတွေကပြောပါတယ်။