ဇွန်၊ ၂၇
စစ်ကောင်စီလက်အောက်ခံ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်လေးဦးဟာ တပတ်နီးပါးကြာတဲ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
“ ခြောက်ရက်ပေါ့နော်၊ တပတ်နီးပါးရှိပြီးပေါ့၊ ဘာမှလည်း မဆက်သွယ်ဘူး၊ စခန်းကိုပေါ့လေ၊ အသိပေးတာလည်း မရှိဘူး၊ ဘယ်ကို ထွက်သွားကြတာလဲ မသိဘူးပေါ့နော်၊ ဘယ်လိုမှ ချိတ်ဆက်လို့ မရသေးဘူး၊ ရဲတပ်ဖွဲ့က တာဝန်ရှိတဲ့သူတွေလည်း ရှာဖွေနေဆဲ ပါပဲ။” လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်မှာ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချာင်းနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ဆယ်လုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီး သုံးရက်အကြာ ဇွန်လ ၂၂ ရက် ညနေပိုင်း ပုံမှန်တန်းစီချိန်မှာ စခန်းမှူး ရဲအုပ် ဇော်မင်းအောင် အပါအဝင် တပ်ဖွဲ့ဝင်လေးဦးပျာက်ဆုံးသွားခြင်းဖြစ်ပါတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
“ သေနတ်တွေ၊ ဘာတွေတော့ မယူသွားကြဘူး၊ ဒီအတိုင်းကို ပျောက်သွားတာပဲ။ တချို့ကျတော့ အဲဒီထဲမှာ တချို့တပ်ဖွဲ့ဝင်က လူပျိုလူလွတ်တွေပါပဲ၊ တချို့ကျတော့ မိသားစုတွေ ရှိကြတယ်၊ မိသားစုတွေကို သွားမေးတော့လဲ၊ အိမ်ကို ပြန်မရောက်ဘူးလို့ ပြောတယ်။” လို့ အဲဒီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းနယ်မြေရဲစခန်းကဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ က မကြာခဏပစ်မှတ်ထားတိုက်ခိုက်ခံနေရတာကြောင့် ယခုလို ထွက်ပြေးတိမ်းရှောင်သွားကြတာဖြစ်တယ်လို့ သုံးသပ်မှုတွေ လည်း ရှိနေပါတယ်။
“ ကျွန်တော်တို့ကြားတာကတော့ အထက်ဖိအားကြောင့်လို့ သိရတယ်၊ ခဏခဏတိုက်ခိုက်ခံနေရတာ၊ ငါးကြိမ်လောက်ရှိပြီး။ အဲဒီစခန်းမှူးက သူပြောင်းလာတာ တနှစ်ကျော်လောက်တော့ရှိပြီး၊ သူအပြောင်းအရွေ့တင်ထားတာ၊ လူကြီးပိုင်းက မပေးပြောင်းဘူးလို့ ပြောတယ်။” လို့ ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ကင်မွန်းချောင်နယ်မြေရဲစခန်းမှာဆိုရင် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနီးပါးရှိပြီး စခန်းမှူးပျောက်ဆုံးသွားပြီးနောက်ပိုင်းမှာ နယ်ထိန်း အရာရှိ ဒုရဲအုပ် ဝင်းကိုကိုက ယာယီစခန်းမှူးအဖြစ် ကျန်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့အတူ နေထိုင်လျက်ရှိတယ်လို့ ဆိုပါတယ်။
ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ စခန်းမှူးအပါအဝင် လေးဦး ပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ ဦးတိုးဝင်းထံက DNA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခဲ့ခြင်းတော့ မရှိပါဘူး။
ကင်မွန်းချောင်းနယ်မြေရဲစခန်းကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ စခန်းမှူးအပါအဝင်လေးဦးဟာ လက်ရှိကရင်အမျိုးသားအစည်းအရုံး KNU နဲ့ PDF တွေထံ ဆက်သွယ်လာတာမျိုး မရှိသေးဘူးလို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။
“ ထွက်သွားတာတော့ ကျွန်တော်တို့ သိတယ်၊ ဘယ်ကိုသွားတာလဲတော့ မသိဘူး၊ လိမ်ပြီး သတင်းလွှင့်တာလားဆိုတာကိုတော့ မပြောတတ်ဘူးပေါ့။အခုချိန်ထိတော့ ကျွန်တော်တို့ဆီကို ဆက်သွယ်လာတာမျိုးတော့ မရှိဘူး၊ အရင်တုန်းကတော့ ရဲတို့ စစ်သားတို့ ကျွန်တော်တို့ဆီကို အများကြီး ဆက်သွယ်လာတာရှိခဲ့တယ်။ ဒီရဲအုပ်တော့ မရှိသေးဘူး။” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကနေ ယနေ့အချိန်ထိ ကေဲအန်ယူသထုံခရိုင်နဲ့ PDF တပ်ဖွဲ့တွေထံ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်နဲ့ စစ်သား တရာ နီးပါးရှိပြီး အဲဒီထဲက တချို့ဆို စစ်ကောင်စီကို ပြန်လည်တိုက်ခိုက် နေသူများရှိသလို တချို့ကျတော့ မိသားစုတွေနဲ့အတူ အိမ်နီးချင်းထိုင်နိုင်ငံဘက်ကို တိမ်းရှောင်သွားကြတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းမှာ စစ်ကောင်စီလက် အောက်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ CDM ရဲ ၃၂၃၆ ဦးနဲ့ စစ်သား ၁၂၃၂၇ ဦး စုစုပေါင်း ၁၅ ၅၆၃ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။