အာဏာသိမ်းပြီးနောက် လန်ပိအဏ္ဏဝါဥယျာဉ်ထဲ တရားမဝင်ရွှေတူးဖော်မှုတွေလုပ်လာ

ဇွန်၊ ၂၇
 
စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်း မြိတ်ကျွန်းစုက လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းမှာ စစ်ကောင်စီရေတပ်နဲ့ နီးစပ်သူတွေ ပူးပေါင်းပြီး တရားမဝင်ရွှေတူးဖော်မှုတွေ လုပ်ကိုင်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေရှိမှာ စိုးရိမ်ရတယ်လို့ ဒေသအခြေစိုက် သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတအရေး စောင့်ကြည့်နေတဲ့ အရပ်ဘက်အဖွဲ့ Magga Initiative က ပြောပါတယ်။
 
“ အဲဒီလို လုပ်နေတဲ့ အတွက်ကြောင့် ပတ်ဝန်းကျင်း ပျက်စီးမှုက အရမ်းကို စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်။ ကျွန်တော်တို့ အသေးစိတ်အချက်အလက် ဘယ်လောက်ပျက်စီးသွားတယ်၊ ဘယ်လိုဖြစ်နေတယ်ဆိုတာ မြေပြင် မဆင်းနိုင်ဘူးဆို‌တော့ အသေးစိတ်အချက်အလက် ကောက်ယူဖို့က အခက်အခဲရှိတယ် ” လို့ Magga Initiative အဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
အာဏာသိမ်းပြီးနောက် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ထဲက သန္တာဖြူကျွန်း ခေါ် ဘိုလွတ်ကျွန်း ပေါ်နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီနဲ့ နီးစပ်သူတွေဟာ အာဏာသိမ်းစ ၂၀၂၁ နှစ်ဆန်းပိုင်းလောက်ကစလို့ ရွှေဖောင် ၇၀ လောက်နဲ့ တရားမဝင်တူးဖော်မှုတွေ စတင်ခဲ့ကြတယ်လို့ Magga Initiative အဖွဲ့ရဲ့တွေ့ရှိချက်တွေက ဆိုပါတယ်။
 
စစ်ဆေးမှု တင်းကျပ်ပြီး ဒေသခံလှေတွေ ဝင်ရောက်ခွင့်မရှိတဲ့ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်နယ်မြေအတွင်း တရားမဝင်ရွှေနဲ့ သယံဇာတထုတ်လုပ် တူးဖော်သူတွေကတော့ အလွယ်တကူ ဝင်ထွက်သွားလာခွင့် ရနေကြတယ်လို့လည်း အဲ့ဒီအဖွဲ့ရဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။
 
နောက်ပိုင်းမှာတော့ ရွှေရရှိမှု နည်းပါးလာတာ၊ စစ်ကောင်စီရေတပ်က လိုင်းကြေး ပိုတောင်းလာတာ၊ စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်မားလာတာတွေကြောင့် အခုနှစ် ၂၀၂၃ ထဲမှာတော့ ရွှေဖောင် ၁၀ ခုလောက်သာ ဆက်လက်တူးဖော်နေကြတယ်လို့ ဆိုပါတယ်။
 
လန်ပိအဏ္ဏဝါ ဥယျာဉ်ဒေသဟာ ကုန်းနေ၊ ရေနေမျိုးစိတ်ပေါင်း တထောင်ကျော်လောက်ရှိတဲ့နေရာဖြစ်တာကြောင့် အခုလို တရားမဝင် တူးဖော်မှုတွေဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးနိုင်ချေ စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့ Magga Initiative အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
“ ရွှေတူးတဲ့အချိန်မှာ ပြဒါးတွေက ပင်လယ်ထဲ တိုက်ရိုက်စွန့်ပစ်တဲ့ ဟာတွေဆိုတော့ ဒီအဲဒီအနားမှာရှိတဲ့ ဆလုံ လူမျိုးတွေ ကင်းမွန်နဲ့ ငါးရှာတဲ့ နေရာတွေ ရှိတယ်၊ ငါးတွေ၊ ကင်းမွန်တွေဟာ မရတော့ဘူးပေါ့နော်၊ မျက်မြင်အချက်အလက် ကောက်တာပေါ့နော်၊ နောက်ဆက်တွဲ ပြသနာ ဆိုးကျိုးတွေကတော့ လက်ရှိမှာတော့ မကြုံရသေးဘူး၊ ဒါပေမယ့် ဒီနောက်ဆက်တွဲဆိုးကျိုးတွေကတော့ အနှေးနဲ့ အမြန်တော့ ဖြစ်လာမှာ ” လို့ သူကပြောပါတယ်။
 
တရားမဝင်ရွှေတူးဖော်ရာမှာ ရွှေဖောင်တဖောင်မှာ လုပ်သားအနည်းဆုံး သုံးဦးကနေ ငါးဦးအထိ ပါဝင်ပြီး လက်ရှိမှာ လူ ၅၀ နီးပါးလောက် တရားမဝင်ရွှေတူးဖော်နေကြကာ ဒီလိုလုပ်ဆောင်ဖို့အတွက် စစ်ကောင်စီရေတပ်နဲ့ ဌာနဆိုင်ရာတွေကို တလကို အနည်းဆုံး ဆယ်သိန်းလောက် လိုင်းကြေးပေးသွင်းနေရတယ်လို့လည်း ဒေသခံသတင်း အရင်းအမြစ်တွေဆီက သိရပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီရေတပ်နဲ့ ရွှေတူးဖော်သူတွေကြား ချိတ်ဆက်ပေးတဲ့ ပျူစောထီးတွေ အလှူလာခံရင်လည်း တရားမဝင်ရွှေတူးဖော်သူတွေက ပေးရသေးတယ်လို့ ဆိုပါတယ်။ ဒီလိုတရားမဝင်ရွှေတူးဖော်မှုကို တနင်္သာရီတိုင်းထဲက ကော့သောင်း၊ မြိတ် အပါအဝင် ကချင်၊ ရှမ်းနဲ့ ပြည်မဘက်ကလူတွေ လာရောက်လုပ်ကိုင်နေကြတာလို့ ဆိုပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အပြင် တနင်္သာရီမြစ်မကြီးနဲ့ တနင်္သာရီ သဘာဝကြိုးဝိုင်းတို့က ရေတိမ်ဒေသတွေမှာလည်း တရားမဝင် ရွှေတူးဖော်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ပြောကြပါတယ်။
 
“ ခုကြားရတဲ့ သတင်းကတော့ လန်ပီကျွန်းပေါ်မှာ ဘယ်နေရာ ရွှေထွက်နိုင်သေးလဲ ဆိုပြီးတော့ တိတ်တဆိတ် စမ်းသပ်နေတယ်ပြောတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
သစ်တောဦးစီးဌာနရဲ့ အချက်အလက်တွေအရ လန်ပိအဏ္ဏာဝါ အမျိုးသားဥယျာဉ်ဧရိယာဟာ ဧက ငါးသောင်းကျော်ကျယ်ဝန်းပါတယ်။
 
ဒါ့အပြင် တဖက်မှာလည်း လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ထဲက ကျွန်းမကြီးပေါ်နဲ့ အရံကျွန်းငယ်ကလေးတွေမှာ တရားမဝင် သစ်ထုတ်လုပ်မှုတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ တရားမဝင် ငါးဖမ်းဆီးမှုတွေလည်း တရှိန်ထိုး မြင့်တက်နေတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – Doh Gabar
ပုံစာ – လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းတနေရာကိုတွေ့ရစဉ်