ဇွန်၊ ၂၇
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ အငှားယာဉ်တွေရဲ့ ယာဉ်စီးခကို ကီလိုမီတာစနစ်နဲ့ ကောက်ခံပြေးဆွဲနိုင်ဖို့ကို စစ်ကောင်စီရဲ့လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ပြင်ဆင်နေပေမယ့် အဲ့ဒိအစီအစဉ်ဟာ လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ အငှားယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။
” ဒီစနစ်က မဖြစ်နိုင်လို့တောင် ဖျက်သိမ်းခဲ့ရပြီးပြီ။ ဒါက ယာဉ်မောင်းနဲ့ ခရီးသည်ကို ရန်တိုက်ပေးတာပဲ။ အခု ရန်ကုန်မှာ ယာဉ်ကြောကြပ်တာက နေရာတိုင်းမှာလေ။ စက်နိုးထားလေ မီတာတက်လေပဲ။ အဲ့တော့ နီးနီးနားနား နှစ်ထောင်လောက် ကျမယ့်ခရီးက လမ်းကြပ်နေရင် သုံးထောင်လည်း ဖြစ်နိုင်တယ်၊ လေးထောင်လည်း ဖြစ်နိုင်တယ်။ အဲ့လိုဖြစ်ရင် ခရီးသည်ကလည်း ကျေနပ်မှာ မဟုတ်ဘူးလေ။ အဲ့တော့ ဘာထူးမလဲ။ ရန်ဖြစ်မှာပဲ အဖတ်တင်တာပေါ့ ” လို့ အငှားယာဉ်ပိုင်တဦးက ပြောပါတယ်။
အငှားယာဉ်တက္ကစီတွေမှာ ယာဉ်စီးခကို ကီလိုမီတာနဲ့ ကောက်ခံဖို့ YRTC က ဇွန် ၂၃ ရက်မှာ ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပြီး လက်ရှိကီလိုမီတာတပ်ဆင်ထားတဲ့ ယာဉ်တွေအနေနဲ့ YRTCရဲ့သတ်မှတ်စျေးနှုန်းအတိုင်း တောင်းခံရမှာဖြစ်တယ်လို့ ဇွန် ၂၄ ရက်ရဲ့ နိုင်ငံပိုင်သတင်းစာမှာ YRTC က သတင်းထုတ်ပြန်ထားတာပါ။
အငှားယာဉ်တွေကို ကီလိုမီတာစနစ်နဲ့ ကောက်ခံရာမှာ ကားငှားခ ၁၅ဝဝ ကျပ်ကျသင့်မှာဖြစ်ပြီး ခရီးစဉ်စတင်တာနဲ့ တကီလိုမီတာကို ခြောက်ရာကျပ်နှုန်း ထပ်ပေါင်းပေးရမှာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သတ်မှတ်လိုက်တဲ့ ကီလိုမီတာနဲ့ ယာဉ်စီးခကောက်ခံတဲ့စနစ်ကို အငှားယာဉ်အားလုံးလိုက်နာမှာဖြစ်ပြီး အက်ပလီကေးရှင်း အသုံးပြု လုပ်ဆောင်နေတဲ့ ယာဉ်ငှားရမ်းမှုတွေမှာလည်း ကီလိုမီတာနဲ့ ငွေကောက်ခံတာကို လိုက်နာရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
အခုလို စစ်ကောင်စီလက်အောက်ခံ YRTC က အငှားယာဉ်စီးခ ကောက်ခံမှုစနစ် ပြောင်းလဲလိုက်တယ်ဆိုပေမယ့် လက်ရှိမှာတော့ လိုက်နာနိုင်မှာမဟုတ်သလို မဖြစ်မနေပြောင်းလဲရမယ်ဆိုရင် မီတာကြောင့် ယာဉ်စီးခစျေးနှုန်း ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းနဲ့ ခရီသည်ကြား ဖြစ်လာနိုင်မယ့်ပြဿာနာကို ဖြေရှင်းဖို့ နည်းလမ်း၊ တာဝန်ယူမှုတွေ ချပြနိုင်မှသာ ဒီစနစ်ဟာ အဆင်ပြေနိုင်မှာဖြစ်တယ်လို့ အငှားယာဉ်မောင်းတဦးကလည်း ပြောပါတယ်။
” ဒီစနစ်ကို လုပ်ရမယ်ဆိုရင် ခရီးသည်ဘက်က နာ တာရှိလာနိုင်သလို၊ ယာဉ်မောင်းတွေဘက်ကလည်း နစ်နာတာ ရှိလာနိုင်တယ်။ အဆင်မပြေလောက်ဘူး။ အဲ့တော့ သူတို့ ဘယ်လိုအဆင်ပြေအောင်လုပ်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ အဆင်မပြေရင်တော့ ကျွန်တော်တို့အနေနဲ့ကတော့ ယာဉ်းစီးခကို အဆင်ပြေသလို တောင်းရမှာပဲ ” လို့ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။
ဒါ့အပြင် ဇွန် ၂၄ ရက်ထုတ်သတင်းစာမှာတော့ YRTC ရဲ့တွဲဖက်အတွင်းရေးမှူး ဦးချန်ကျင့်မန်က အခုလို ယာဉ်စီးခကို တပြေးညီကောက်ခံနိုင်ဖို့ လုပ်ဆောင်တာဟာ ယာဉ်စီးခ ပိုတောင်းတာ၊ CNG အသုံးပြုယာဉ်တွေအနေနဲ့ စက်သုံးဆီ အသုံးပြုယာဉ်တွေအတိုင်း ယာဉ်စီးခကို တောင်းခံတာကြောင့်လို့ ပြောထားပါတယ်။
ဒါပေမယ့် YRTCရဲ့တွဲဖက်အတွင်းရေးမှူး အနေနဲ့ တကယ့်မြေပြင်အခြေအနေက ယာဉ်မောင်းတွေနဲ့ ခရီးသွားတွေရဲ့ အခက်အခဲတွေကို ကြည့်သင့်တယ်လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတွေက ပြောပါတယ်။
အငှားယာဉ်တွေကို မီတာတပ်ဖို့ ကိစ္စဟာ အရင်စစ်အစိုးရလက်ထက် ၂၀၁၀ မတိုင်ခင်ကတည်းက လုပ်ဆောင်ခဲ့ပေမယ့် သုံးစွဲသူတွေက အဆင်မပြေကြလို့ ယာဉ်မောင်းသူနဲ့ ခရီးသည်နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ စျေးနှုန်းသတ်မှတ်ပြီး အသုံးပြုကြတာ များပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း အငှားယာဉ်အစီရေ ခြောက်သောင်းကျော်ရှိပြီး City Taxi အဖြစ် မှတ်ပုံတင်ထားတဲ့ အစီးရေဟာ သုံးသောင်ကျော်သာရှိပြီး မှတ်ပုံမတင်ထားတဲ့ အငှားယာဉ်တွေကို လေဆိပ်လို ကန့်သတ်နယ်မြေတွေကို လုံခြုံရေးအရ ဝင်ရောက်ခွင့် တားမြစ်ခံရမယ်လို့ ဆိုထားပါတယ်။
ဓာတ်ပုံ – CJ