မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရမှုမှာ ယာယီစခန်းမှူးဖြစ်သူလည်း သေဆုံး

ဇွန်၊ ၂၇
 
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမှုမှာ ယာယီစခန်းမှူး ဒုရဲအုပ် အောင်သူထွန်းလည်း ရဲတပ်ကြပ် ရဲညွန့်နဲ့ အတူ သေဆုံးခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
 
မောင်းမကန်ကျေးရွာအတွင်း ကင်းလှည့်ပြီးပြန်လာတဲ့ သူတို့ နှစ်ဦးအပါအဝင် လေးဦး လိုက်ပါလာတဲ့ ကားငယ်တစီးကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်၊ မနက် ၁၁ နာရီခွဲလောက်က ရဲစခန်းအနီးမှာပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာပါ။
 
အဲဒီတိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီး ရဲညွန့်သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ DNA သတင်းဌာနက ဇွန်လ ၂၃ ရက်က သတင်းတင်ဆက်ထားပေမယ့် ယာယီစခန်းမှူး ဒုရဲအုပ်အောင်သူထွန်းလည်း သေဆုံးခဲ့တယ်လို့ ထပ်မံသိရပါတယ်။
 
ပစ်ခတ်မှုအတွင်း အခြားရဲတပ်ဖွဲ့ဝင်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ မနေ့ ဇွန်လ ၂၆ ရက်နေ့၊ နေ့လယ်ပိုင်းမှာ ထားဝယ်မြို့အနီးက ဇဟာသုဿန်မှာ မီးရှို့သင်္ဂြုဟ်လိုက်ပြီလို့ သိရပါတယ်။
 
Delta News Agency က ကြည့်ရှုခဲ့ရတဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ခွင့်လက်မှတ်တွေမှာတော့ ဒုရဲအုပ် အောင်သူထွန်းမှာက ဦးခေါင်းဘယ်ဘက်ခြမ်းကို ကျည်ထိမှန်ခဲ့ပြီး နောက်တဦးမှာကတော့ ဘယ်ဘက်နားထင်၊ တင်ပါးနဲ့ ပေါင်တို့မှာ ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ရေးသားထားပါတယ်။
 
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ အဲဒီတိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုဖြစ်နေစဉ်မှာပဲ ရဲစခန်းကနေ စစ်ကူလိုက်လာလို့ ပြန်ဆုတ်ခွာလာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
 
အဲဒီနောက် တနာရီလောက်အကြာမှာတော့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မောင်းမကန်ရဲစခန်းထဲကို ဒရုန်းနဲ့ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်းအဲဒီအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်မှာတော့ ခုနစ်မိုင်လောက်ဝေးတဲ့ ထားဝယ်မြို့ဘက်ခြမ်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် တရာခန့် ဆင်းလာပြီး ထားဝယ်-မောင်းမကန် ကားလမ်းကို ပိတ်ဆို့စစ်ဆေးခဲ့သလို အနီးအနားက တောတောင်တွေထဲလည်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထားဝယ်မြို့ကနေ ခုနှစ်မိုင်လောက်မှာရှိတဲ့ မောင်းမကန်ရွာထဲဝင်လာချိန်မှာတော့ လမ်းမှာတွေ့တဲ့ အသက် ၃၉ နှစ်ရှိ ကိုဇော်လတ်ဆိုသူ အမျိုးသားတဦးကို ပစ်သတ်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်ညကလည်းမောင်းမကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – နာရေးကူညီမှု ထားဝယ်