ကမ္ဘာ့အကြီးဆုံး ရေအားနဲ့ နေစွမ်းအင် ပေါင်းစက် ဓာတ်အားပေးစက်ရုံကြီး တရုတ်မှာ စတင်လည်ပတ်

ဇွန်၊ ၂၇

ကမ္ဘာပေါ်မှာ အကြီးမားဆုံး ရေအားနဲ့ နေစွမ်းအင် ပေါင်းစပ် အသုံးပြုထားတဲ့ ဓာတ်အားပေး စက်ရုံကြီးဟာ တရုတ်နိုင်ငံမှာ စတင် လည်ပတ်နေပြီလို့ သိရပါတယ်။

တရုတ်အစိုးရဟာ ညစ်ညမ်းဓာတ်ငွေ့တွေ ထုတ်လွှတ်တဲ့ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုမှုကို လျှော့ချနေပြီး ၂၀၅၀ ပြည့်နှစ်မှာ ကာဘွန် ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှု လုံးဝမရှိတဲ့ စွမ်းအင် ရင်းမြစ်တွေ၊ ပြန်ပြည့်မြဲ စွမ်းအင် ရင်းမြစ်တွေကိုပဲ အပြည့်အဝ အသုံးချနိုင်ဖို့ မျှော်လင့်ထားပါတယ်။ 

PVလို့ အတိုကောက် ခေါ်ဝေါ်တဲ့ ကီလာ ဓာတ်အားပေး ဌာနကြီးကတော့ ၂၀၁၆ ခုနှစ်မှာ Power China Chendu ကုမ္ပဏီရဲ့ ဒီဇိုင်းကို အခြေခံ ဖန်တီးထားတာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကစလို့ ဆောက်လုပ်ရေး လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ စတင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ ဓာတ်အားပေး ဌာနရဲ့ ဒီဇိုင်း၊ အခြေခံ အဆောက်အအုံတွေ၊ ကော်မရှင် ညှိနှိုင်းမှုတွေ အပါအဝင် ကဏ္ဍပေါင်းစုံကို တာဝန်ယူပြီး ပရောဂျက်ရဲ့ သုံးပုံတပုံကို ထည့်ဝင် ရင်းနှီးထားတယ်လို့ ဆိုပါတယ်။ 

 PV ဓာတ်အားပေး စက်ရုံဟာ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနဲ့ ဆီချွမ်ပြည်နယ်ကြားက ယာလောင်မြစ်ကမ်းဘေး ကုန်းမြင့်တွေပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ နေရောင်ခြည် ပြည့်ပြည့်ဝဝ ရရှိပြီး မီတာ ၄၆၀၀ ကုန်းမြင့်တွေမှာ ဆိုလာပြားကြီးတွေ ဖြန့်ကျက် နေရာချထားတဲ့ PVရဲ့ အကျယ်အဝန်းဟာ စတုရန်းမီတာ ၁၆ သန်းလောက်ထိ ရှိတယ်လို့ ဆိုပါတယ်။ ဆိုလာပြားတွေကနေ နေစွမ်းအင်ကို ခံယူစုဆောင်းချိန်မှာ မြစ်ရေကနေလည်း ရေအားလျှပ်စစ်ကို ထုတ်ယူဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

PVကနေ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ ၃ သန်း ထုတ်ပေးမှာဖြစ်ပြီး အိမ်​ခြေ ၇ သိန်းလောက်ကို ဓာတ်အား ဖူဖူလု့လုံ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် နှစ်စဉ် ကျောက်မီးသွေး တန်ချိန် ၆ သိန်းကို လျှော့ချပြီး ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု တန်ချိန် ၁.၆ သန်းလောက်ကိ လျော့ပါးသွားစေမယ်လို့လည်း ပရောဂျက် မန်နေဂျာ ယန်ဇီဝေက ပြောပါတယ်။

PVကို တည်ဆောက်ရာမှာ အောက်ခြေတိုင်လုံး ၅၃၀၀၀၀ နီးပါးကို သုံးစွဲခဲ့ရပြီး သံမဏိတန်ချိန် ၅ သောင်းဝန်းကျင် ကုန်ကျခဲ့တယ်လို့လည်း သိရပါတယ်။

 

Ref: Interesting Engineering