လိုက်ပ်ဇစ်ဂ် အသင်းက ခံစစ်မှူး ဂျီဗာဒီယိုလ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ လောက် အလိုရှိနေ

ဇွန်၊​၂၇

လိုက်ပ်ဇစ်ဂ် အသင်းဆီက ခေါ်စျေး မြင့်မြင့်မားမား သတ်မှတ်မှုကြောင့် မန်ချက်စတာ စီးတီး အသင်းဟာ နောက်ခံလူ ဂျော့စ်ကို ဂျီဗာဒီယိုလ်ကို ဝယ်ယူဖို့ အခက်တွေ့ဖွယ် ရှိနေကြောင်း သိရပါတယ်။

အသက် ၂၁ နှစ်အရွယ် ခရိုအေးရှား နောက်ခံလူဟာ ဗဟိုခံစစ်ရော၊ ဘယ်တောင်ပံ ခံစစ်မှာပါ အကောင်းဆုံး ခြေစွမ်းပြနိုင်သူ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း ဘောလုံးပရိသတ်တွေရဲ့ အာရုံကို ထူးထူးကဲကဲ ဆွဲဆောင်နိုင်တဲ့ထိ ပေါ်လွင်ခဲ့သူပါ။

အင်္ဂလန်နဲ့ ဥရောပ ချန်ပီယံ စီးတီးရဲ့ မန်နေဂျာ ပက်ပ်ဂွာဒီယိုလာဟာ ဂျီဗာဒီယိုလ်ကို အထူးနှစ်ခြိုက် သဘောကျပြီး ခေါ်ယူချင်နေပေမယ့် ဂျာမန်ကလပ်ရဲ့ စျေးနှုန်း သတ်မှတ်ချက်ကြောင့် ခေါင်းစားရမယ့် အခြေအနေ ရှိနေတယ်လို့ ဗြိတိန် မီဒီယာတွေက ဖော်ပြပါတယ်။

လိုက်ပ်ဇစ်ဂ် အသင်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်တန်းအဆင့်ထိ တက်လှမ်းထားပြီးဖြစ်တဲ့ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ လောက်ထိ လိုချင်နေပါတယ်။ စာချုပ်အရဆိုရင် နောက်ရာသီကျမှ အသင်းပြောင်းတဲ့အခါ ဂျီဗာဒီယိုလ်ရဲ့ စျေးသတ်မှတ်ချက်က ယူရို သန်း ၁၁၀ ထိ ထပ်မံ မြင့်တက်သွားဦးမှာ ဖြစ်ပါတယ်။

ဒီတော့ ၁၂ လလောက် စောပြီး စျေးအရမ်းနည်းတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ သူတို့ရဲ့ ကစားသမားကို လက်လွှတ်ဖို့ လိုက်ပ်ဇစ်ဂ်က ဆန္ဒမရှိပါဘူး။ အသင်းအနေနဲ့ နောက်ခံလူ တဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးမျိုးလောက်ထိ ဂျီဗာဒီယိုလ်အတွက် မျှော်လင့်ထားတဲ့ အဓိပ္ပါယ်ပါပဲ။

ဂျီဗာဒီယိုလ်ဟာ ခရိုအေးရှားအတွက် ၂၁ ပွဲ ကစားပေးထားပြီး ဖြစ်သလို ကာတာ ကမ္ဘာ့ဖလား တတိယ လုပွဲမှာ မော်ရိုကို အသင်းကို အနိုင်ရခဲ့ရာမှာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။

 

Ref: Goal