စီးတီး ကစားသမားဘဝအတွက် အမြဲ ဂုဏ်ယူ ကျေနပ်နေမယ်လို့ ဘာစီလိုနာ ကစားသမားသစ် ဂွမ်ဒိုဝမ်ဆို

ဇွန်၊ ၂၇

မန်ချက်စတာ စီးတီးအသင်းအတွက် ကိုယ်စားပြု ကစားပေးခွင့် ရခဲ့တာကို တသက်လုံး ဂုဏ်ယူ ကျေနပ်နေမှာဖြစ်ကြောင်း ဘာစီလိုနာ ကစားသမားသစ် အိုင်ကေ ဂွမ်ဒိုဝမ်က ပြောကြားခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဂျာမန် ကွင်းလယ်လူဟာ စီးတီးရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီး အခုရာသီမှာ ကလပ်ရဲ့ သမိုင်းဝင် The Treble အောင်မြင်မှုအတွက် ဦးဆောင်ပေးခဲ့ပါတယ်။ စီးတီးဟာ အင်္ဂလန် ပရီးမီးယားလိဂ်၊ အင်္ဂလန် အက်ဖ်အေ ရှုံးထွက်ဖလားနဲ့ ဥရောပ ချန်ပီယံလိဂ် ဆုဖလားတွေကို သိမ်းကြုံး ရယူနိုင်ခဲ့တာပါ။

ဇွန်လကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် သူ့ကို အသင်းက ၁ နှစ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဂွမ်ဒိုဂန်ကတော့ စပိန် လာလီဂါ ချန်ပီယံ ဘာစီလိုနာဆီ ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ပဲ ရွေးချယ်လိုက်တာပါ။
မန်ချက်စတာဟာ သူ့အတွက်တော့ ထာဝရအိမ် ဖြစ်ခဲ့ပြီး ထူးကဲလှတဲ့ စီးတီး ဘောလုံးမိသားစုဝင် တဦး ဖြစ်ခဲ့တာကို အမြဲတမ်း ကျေနပ် ဂုဏ်ယူနေမယ်လို့လည်း ဂွမ်ဒိုဝမ်က ဆိုပါတယ်။

စီးတီးရဲ့ ဖလားသုံးလုံး သိမ်းကြုံးဆွတ်ခူးမှု အောင်ပွဲမှာ ဇာတ်ရှိန် အတက်ဆုံး အခိုက်အတန့်တွေလို့ ဆိုရမယ့် ရာသီသိမ်း နောက်ဆုံး ၇ ပွဲမှာ ဂွမ်ဒိုဝမ်ဟာ ၆ ဂိုးထိ သွင်းပေးခဲ့ပါတယ်။ အဲဒီထဲမှာ အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် ခါးသီး မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ပြီး ၂-၁ နဲ့ အနိုင်ရတဲ့ ပွဲက ၂ ဂိုးလည်း ပါဝင်ပါတယ်။

စီးတီးနဲ့အတူ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ မမေ့နိုင်စရာ အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ဖူးပေမယ့် The Treble အောင်မြင်မှုကတော့ သူ့ရဲ့ ဘဝတလျှောက်လုံးမှာ အခမ်းနားဆုံး အတွေ့အကြုံ ဖြစ်ခဲ့ကြောင်းလည်း ဂွမ်ဒိုဝမ်က ဖွင့်ဟသွားပါတယ်။

စီးတီးရဲ့ ဒါရိုက်တာ တစ်ကီ ဘီဂရင်စတိန်းက ဂွမ်ဒိုဝမ်ဟာ ထက်မြက်သူ၊ စိတ်ဇောထက်သန်သူ၊ ခေါင်းဆောင် ပီသသူ တဦးလို့ ချီးကျူးခဲ့ပြီး သူ့ရဲ့ ဖြစ်တည်မှုဟာ အသင်းမှာ ရှိနေသူ အားလုံးအပေါ် လွှမ်းမိုးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အသင်းရဲ့ ထူးကဲတဲ့ သမိုင်းကြောင်းမှာ ဂွမ်ဒိုဝမ်ဟာ မမေ့နိုင်စရာ ဂန္ထဝင် တဦးဆိုတဲ့ ပုံရိပ်ကို ခိုင်ခိုင်မာမာ ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ကစားသမားဘဝ ဖြတ်သန်းမှု အချိုးအကွေ့သစ်မှာ အစစ အရာရာ အဆင်ပြေဖို့ ဆန္ဒပြုကြောင်း ဘီဂရင်စတိန်းက ဆိုပါတယ်။

ဂွမ်ဒိုဝမ်က ၂၀၁၆ ခုနှစ်မှာ ဂျာမန်ကလပ် ဘိုရူးရှား ဒေါ့မန် အသင်းကနေ စတာလင်ပေါင် သန်း ၂၀ ဝန်းကျင်နဲ့ စီးတီးဆီ ပြောင်းရွှေ့ခဲ့တာပါ။ သူဟာ စီးတီးနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ဘောလုံးရာသီ ၇ ခုအတွင်း စုစုပေါင်း ၃၀၄ ပွဲကစား၊ ဂိုးပေါင်း ၆၀ ထိ သွင်းယူခဲ့ပါတယ်။

စီးတီးဟာ ဂွမ်ဒိုဝမ်ရဲ့ နေရာကို အစားထိုးမှုအဖြစ် ချဲလ်ဆီးအသင်းရဲ့ ခရိုအေးရှား ကွင်းလယ် ကစားသမား မက်တီယို ကိုဗာဆစ်ကို စတာလင်ပေါင် သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့လည်း သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။

 

Ref: BBC