ALP တပ်ဖွဲ့ဝင်တွေဖမ်းထားတဲ့ စစ်တွေမြို့ခံနှစ်ဦး တပတ်ကျော်တဲ့အထိ မိသားစုနဲ့ တွေ့ခွင့်မရ

ဇွန် ၂၆

ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တပ်ဖွဲ့ဝင်တွေဟာ စစ်တွေမြို့ခံ လက် လုပ်လက်စား အမျိုးသားနှစ်ဦးကို ဖမ်းဆီးထားပြီး တပတ်ကျော်ကြာတဲ့အထိ မိသားနဲ့ တွေ့ခွင့် မပေးလို့စိုးရိမ်နေ ကြရကြောင်းဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

“ဒီနေ့(ALP)ရုံးကို သွားခဲ့ကြတယ်၊မတွေ့ရဘူး၊အထဲကိုလည်း မဝင်ရဘူး၊ခြံကိုတောင် တံခါးမဖွင့်ပေးဘူး၊ဆေးလိပ် နှစ်ထုတ်နဲ့ ခြင်ဆေးခွေ နှစ်ခွေ ထည့်ပေးလိုက်တယ်၊အဲဒါကို အပေါက်လေးက လှမ်းယူလိုက်တယ်၊ဘာသတင်း မှလည်း မကြားရသေးဘူး၊ ဘာကြောင့် ဖမ်းလဲ မေးလို့လည်း မသိဘူး”လို့ ကိုကျော်စိုးရဲ့ဇနီးက DNA ကို ပြောပါ တယ်။

စစ်တွေမြို့ စက်ရုံရပ်ကွက်မှာ နေထိုင်တဲ့ ဆိုင်ကယ် ကယ်ရီမောင်းသူ ကိုကျော်စိုးနဲ့ ကုန်ထမ်းအလုပ်သမား ကိုကျော်နိုင်စိုးတို့ကို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက် ညပိုင်းမှာ  ALP တပ်ဖွဲ့ဝင် ဆယ်ဦးလောက်က ဖမ်းဆီးသွားတာ ဖြစ်တယ်လို့သိရပါတယ်။

ဘာကြောင့် အဲ့ဒီလိုဖမ်းဆီးခဲ့တယ်ဆိုတာနဲ့ ဖမ်းဆီးခံရသူနှစ်ဦးရဲ့ လက်ရှိအခြေအနေကို မသိရတာကြောင့် စိုး ရိမ်နေရတာလို့ မိသားစုဝင်တွေကပြောပါတယ်။ပြီးခဲ့တဲ့တပတ်ကလည်း ALP ရုံးကို သွားပြီး ဖမ်းဆီးခံရသူတွေနဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် မတွေ့ခဲ့ရဘူးလို့ မိသားစုဝင်တွေက ပြောကြပါတယ်။

ကိုကျော်စိုးဟာ စားဝတ်နေရေးအတွက် ဘေးတွဲမောင်းကာ ရိုးရိုးသားသားလုပ်စားနေတာဖြစ်ပြီး ဘယ်အဖွဲ့အ စည်းနဲ့မှလည်း အဆက်အသွယ်မရှိတဲ့အတွက် အခုလိုဖမ်းဆီးချုုပ်နှောင်ထားတဲ့အပေါ်မိသားစုဝင်တွေအနေနဲ့ ကျေနပ်မှုမရှိဘူးလို့ဆိုပါတယ်။

“ဆက်စပ်မှုကလည်း တခုနဲ့မှ မရှိတော့ ဘာလို့ဖမ်းလဲလည်း မသိဘူး၊လုံး၀မကျေနပ်တာတော့ အမှန်ပဲ၊ အပြစ်မရှိ အပြစ်ရှာပြီး ဖမ်းထားတာကို”လို့ ကိုကျော်စိုးရဲ့ ဇနီးက ပြောပါတယ်။

အခုလို အမျိုးသားဖြစ်သူ ဖမ်ဆီးခံထားရတဲ့အတွက် မိသားစုစားဝတ်နေရေးလည်း အခက်အခဲဖြစ်နေတယ်လို့ သူ ကပြောပါတယ်။

“ကျွန်မတို့က အဆက်အသွယ်ရစေချင်ပါတယ်၊အမြန် လွတ်စေချင်ပါတယ်၊ယောကျာ်းရှိတုန်းကနဲ့ မရှိတုန်းနဲ့ မတူ ဘူး၊အခု ကျွန်မမှာ ရှစ်နှစ်ကလေးတစ်ယောာက်နဲ့ ငတ်တစ်နပ် မွတ်တနပ်နဲ့ နေရတယ်”လို့ ကို ကျော်စိုးရဲ့ ဇနီးက ပြောပါတယ်။

အဲဒီလို ဖမ်းဆီးထားတဲ့အခြေအနေနဲ့ ပက်သက်လို့ ALP ဥက္ကဌ ဒေါ်စောမြရာဇာလင်းကိုမေးမြန်းနိုင်ဖို့ ဖုန်းနဲ့ ဆက် သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ALP တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း စစ်တွေမြို့က ဆယ်တန်းကျောင်းသားတဦးကို ဖမ်းဆီးကာ ၁၈ ရက်ကြာ ချုပ်နှောင်ထားခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲကာလ ၂၀၂၂ ခုနှစ်တုန်းကလည်း စစ်တွေမြို့အတွင်းက ဒေ သခံတွေကို စစ်ကောင်စီတပ်နဲ့ ပေါင်းပြီး ဖမ်းဆီးတာတွေ ရှိခဲ့သလို ငွေကြေးတောင်းခံကာ ပြန်လွှတ်ပေးတာတွေ လည်း ရှိခဲ့တယ်လို့ ရခိုင်ဒေသခံတွေကပြောကြပါတယ်။

“အရင်ကလည်း ဒီလိုဖမ်းတာတွေ ရှိတယ်၊မင်းဂံထဲကတောင် မနည်းဘူး၊ပိုက်ဆံတောင်းတယ်၊ ပိုက်ဆံ ပေးရင် လွှတ်ပေးတယ်၊ပိုက်ဆံမပေးနိုင်ရင် မလွှတ်ဘဲ ချုပ်ထားတယ်၊အဲလို လုပ်နေတာ ALP က”လို့ စစ်တွေမြို့ မင်းဂံ ရပ်ကွက်က  အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

အခုလိုမျိုး အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ထားတာဟာ မတရားဖမ်းဆီးချုပ်နှောင်မှုဖြစ်ပြီး လူ့အခွင့်အရေးချိုး ဖောက်ရာလည်း ရောက်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ ALP တပ်ဖွဲ့အတွက် စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ ရုံးဖွင့်ခွင့်ပေးထား တာဖြစ်ပါ တယ်။

ALP ဟာ သက်တမ်းရင့် ရခိုင်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်ပေမယ့် ရခိုင့်တပ်တော် AA နဲ့ ဆက်ဆံရေး ကောင်းမွန် ခြင်းမရှိသလို အဖွဲ့အစည်းအတွင်းမှာလည်း ခေါင်းဆောင်ပိုင်းဆိုင်ရာ အကွဲအပြဲတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။

အဲ့ဒီလို အဖွဲ့အစည်းအတွင်း အကွဲအပြဲတွေရှိပေမယ့် စစ်ကောင်စီကတော့ NCA စာချုပ်ရေးထိုးဖို့ ဆွေးနွေးမှုတွေ မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဒေါ်စောမြရာဇာလင်းအဖွဲ့ကို ALP အဖွဲ့အနေနဲ့ အသိအမှတ်ပြုထားပါတယ်။

ALP တပ်ဖွဲ့ဟာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA မှာပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာလည်း NCA မူအတိုင်း ဆက်လက်ရပ်တည်မယ်ဆိုကာ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေတာပါ။