သဲကုန်းမြို့နယ် ဆင်မြီးဆွဲ မြို့မှာ ရဲနှစ်ဦးပစ်ခတ်ခံရပြီး တဦးသေ

 

ဇွန်၊ ၂၆

ပဲခူးတိုင်းအနောက်ခြမ်း၊သဲကုန်းမြို့နယ်၊ဆင်မြီးဆွဲမြို့မှာ နယ်ထိန်းရဲတဦးနဲ့ အငြိမ်းစားရဲတဦး ဒီကနေ့မနက်ပိုင်းက ပစ်ခတ်ခံရလို့ အငြိမ်းစားရဲ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဆင်မြီးဆွဲမြို့၊လမ်းမတော်လမ်းကအရက်ဆိုင်အနီးမှာ ဆိုင်ကယ်မောင်းလာတဲ့ နယ်မြေရဲစခန်းက နယ်ထိန်းကျော်ကျော်နဲ့ အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင်ဆိုသူတို့ကိုအမည်မသိလက်နက်ကိုင်တွေက ပစ်ခတ်ခဲ့တာလို့သိရပါတယ်။

“ကိုကျော်ကျော် ရင်ဘတ်နဲ့ခြေထောက်မှာ ကျည်ထိမှန်ဒဏ်ရာတွေရထားတယ်ဗျ၊သွေးထွက်ကလည်းများလို့ ပြည်ဆေးရုံကြီးကို ပို့လိုက်ရတယ်၊ဦးစိုးသက်အောင်ကတော့ အဲ့နေရာမှာတင် သေတယ်၊ မနက်အစောကြီး အရက်ဆိုင်လာကြတာ အဲ့ဒီဆိုင်နားမှာပဲ ပစ်ခံရတာ”လို့ ဒေသခံ တဦးက DNA ကိုပြောပါတယ် ။

ပစ်ခတ်ခံရသူနှစ်ဦးဟာ သမီးယောက်ဖတော်စပ်သူတွေလို့သိရပြီး ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။သဲကုန်မြို့နယ်အခြေ စိုက် တော်လှန်ရေးတပ်ဖွဲ့တွေကလည်း အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပြီးနောက်  ဆင်မြီးဆွဲ၊ သဲကုန်းနဲ့ ဝက်ပုတ်မြို့တို့က စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။

အဲ့ဒီဂိတ်တွေဟာ ပြီးခဲ့တဲ့တပတ်ဝန်းကျင်အကြာ ဇွန်လ ၁၈ ကမှ စစ်ကောင်စီကပိတ်သိမ်းထားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။