ကင်းတော်ရွာ စခန်းစီးနင်းခံရမှုမှာ PDF တပ်သား ၁၅ ဦးအပါအဝင် သေဆုံးသူ ၁၈ ဦးအထိရှိလာ

ဇွန်၊ ၂၆

စစ်ကိုင်းမြို့နယ်ထဲက ကင်းတော်ရွာ PDF စခန်းကို ဇွန်လ ၂၅ ရက် မနေ့က မနက်ပိုင်းမှာစစ်ကောင်စီတပ်က စီးနင်းခံရမှုဖြစ်စဉ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော် ၁၅ ဦးအပါအဝင် ၁၈ ဦးအထိသေဆုံးမှုရှိလာတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေထံက စုံစမ်းသိရပါတယ်။

‘’စုစုပေါင်း ကျဆုံးသူအရေအတွက်က ၁၈ ဦးပါ။ အရပ်သားနှစ်ဦးလည်း ပျောက်ဆုံးနေပါတယ်”လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက DNA ကို ပြောပါတယ်။

သေဆုံးသူတွေဟာ ကင်းတော်ရွာ PDF စခန်းက အမျိုးသားရဲဘော် ၁၃ ဦး၊ အမျိုးသားရဲမေ နှစ်ဦးနဲ့ အရပ်သားသုံးဦး စုစုပေါင်း ၁၈ ဦးဖြစ်တယ်လို့လည်း အဲဒီဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်လက်ပြောကြားခဲ့ပါတယ်။

အဲဒီ PDF စခန်း စီးနင်းတိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဇွန် ၂၅ ရက်ညနေပိုင်းနဲ့ ယနေ့ ဇွန် ၂၆ ရက်တို့မှာ နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့ရာ ရဲဘော် ၁၃ ဦး ကျဆုံးခဲ့ရသလို ရဲမေ နှစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်သွားတဲ့ပုံစံနဲ့ တွေ့ရှိခဲ့ရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေထံက စုံစမ်းသိရပါတယ်။

‘’ ရဲမေ နှစ်ဦးကို မသတ်ခင်မှာ အုပ်စုဖွဲ့ပြီး မုဒိမ်းကျင့်သတ်ဖြတ်သွားတဲ့ ပုံစံနဲ့တွေ့ရပါတယ်။ နောက်ပြီး ကင်းတော်ရွာထဲမှာ စစ်ကောင်စီ စစ်ကြောင်းဝင်နေချိန် နေအိမ်ထဲမှာပစ်သတ်ခံလိုက်ရတဲ့ အရပ်သားပြည်သူ နှစ်ဦး သေဆုံးခဲ့သလို မနေ့က(ဇွန် ၂၅) ရင်ဘတ်ကို ကျည်ထိမှန်ခဲ့တဲ့ မြင်းဆည်ရွာက အမျိုးသားတဦးဒီကနေ့ သေဆုံးသွားခဲ့ပါတယ်’’ လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက  ဖြည့်စွက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကိုင်းမြို့နယ်ထဲက ကင်းတော်ရွာအနီးရှိ PDF စခန်းဟာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ဘက်နေ လာရောက်အခြေစိုက်ထားတဲ့စခန်းတခုဖြစ်သလို CDM ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဦးဆောင်နေတာဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။ 

အဲ့ဒဲဒီစခန်းကို စစ်ကောင်စီတပ်တွေက  မနေ့က မနက်အစောပိုင်းမှာ အလစ်အငိုက်ဝင်စီးခဲ့ရာမှာ  ကင်းသမားကိုစတင်ဖမ်းဆီးခဲ့ပြီး စခန်းကိုလည်း ဆက်လက်စီး နင်းခဲ့တာလို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

အဲဒီစခန်းစီးနင်းခံရချိန်မှာ စခန်းမှာရှိနေတဲ့ဦးဆောင်သူ CDM ရဲအပါအဝင် ရဲဘော်၊ ရဲမေ စုစုပေါင်း ၁၅ ဦး ကိုစစ်ကောင်စီတပ်က သတ်ဖြတ်သွားတဲ့အပြင် အရပ်သား သုံးဦး စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ရတာလည်းဖြစ် ပါတယ်။

စစ်ကောင်စီတပ်သားတွေက ပစ်ခတ်သတ်ဖြတ်သွားခဲ့တဲ့ အရပ်သားတွေကတော့ ကင်းတော်ရွာက အသက် ငါးဆယ်အရွယ်ဦးမောင်စန်း၊ အသက် ၃၇ နှစ်အရွယ် ကိုမြင့်ကျော်သူနဲ့ မြင်းဆည်ကျေးရွာက အသက် ၆၉ နှစ်အရွယ် ဦးပေါက်စတို့  ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

ဒါ့အပြင်  ရင်ဘတ်ကျည်ထိမှန်သေဆုံးသွားခဲ့တဲ့ ဦးပေါက်စရဲ့ဇနီးဖြစ်သူနဲ့ လယ်ပါယ်တောရွာက ကိုဖိုးပြားတို့ဟာလည်း ပျောက်ဆုံးနေတယ်လို့လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောကြား ခဲ့ ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ သူတို့သတ်ဖြတ်လို့ သေဆုံးသွားသူတွေရဲ့ရုပ်အလောင်းအချို့ကို မီးရှို့သွားခဲ့ကြောင်းလည်း  ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက စုံစမ်းသိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာတချို့ကိုပါ စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် လယ်ပါယ်ရွာက အိမ်ခြေ တရာဝန်းကျင် မီး လောင်ပျက်စီးခဲ့သလို ကင်းတော်၊ သုံးလင့်နဲ့ ဥယျာဉ်ရွာဘေးမှာရှိတဲ့ တဲတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစီးနင်းမှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကိုင်းမြို့နယ် ကင်းတော်ကျေးရွာ၊ ဥယျာဉ်ကျေးရွာနဲ့ လက်ပံတောကျေရွာတွေအနီးမှာ PDF တပ်တွေ ရှိနေတယ်ဆိုတဲ့သတင်းအရ သွားရောက်တိုက် ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုကနေ လက်နက်ခဲယမ်းတွေနဲ့ ရုပ်အလောင်းတွေရရှိတယ်လို့ ဆိုပေမယ့် ဘယ်နှစ်ဦးဆိုတာကိုတော့ ဖော်ပြမထားပါဘူး။လက်နက်ခဲယမ်းသိမ်းဆည်းမှုစာရင်းမှာတော့ စနိုက်ပါ သေနတ်တလက်လည်း ပါဝင်သလို စုစုပေါင်းလက်နက်မျိုးစုံ ၁၅လက် နဲ့ ခဲယမ်းတွေအများအပြားရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ 

“မြေပြင်အခြေအနေတွေက အရမ်းရှုပ်ထွေးနေတုန်း။ ကျွန်တော်တို့အဖွဲ့တွေကလည်း နယ်မြေရှင်းလင်းရေး လုပ်နေဆဲပါ။ စစ်ကောင်စီစစ်ကြောင်းကတော့ စစ်ကိုင်းမြို့နယ်ထဲက နတ်ခရိုင်ရွာကို ဝင်ရောက်မွှေနှောက်နေတယ်”လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။