ဒဂုံဆိပ်ကမ်းက ဖယ်ရှားခံရတဲ့ ပျံကျစျေးတန်းနေရာမှာ ဆိုင်ခန်းဆောက်ပြီး ပြန်လည်ရောင်းချ

ဇွန်၊ ၂၆
 
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၄ ရပ်ကွက်က ဖယ်ရှားခံရတဲ့ ပျံကျစျေးတန်း နေရာမှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နဲ့ စည်ပင်သာယာရေးအဖွဲ့တွေက ပူးပေါင်းပြီး စျေးဆိုင်ခန်းတွေ ဆောက်ပြီး ပြန်ရောင်းတာတွေကြောင့် စျေးအများစုဟာ အခက်အခဲဖြစ်နေတယ်လို့ စျေးသည်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
 
” အခုဆို သူတို့က လုံးဝကို အရောင်းမခံတော့ဘူး။ အကုန်လုံးကို လာဖျက်သွားတာ။ ပြီးခဲ့တဲ့ရက်က ဖျက်တာ။ အဲ့လိုဖျက်ပြီး အခုကျတော့ သူတို့ကိုယ်တိုင် ဆိုင်ခန်းတွေဆောက်ပြီး ပြန်ရောင်းမယ်ဆိုတော့ ဒါကျွန်မတို့ပြည်သူတွေအပေါ် သက်သက်အနိုင်ကျင့် ဗိုလ်ကျတာပဲ။ ကျွန်မတို့က လက်လုပ်လက်စားတွေလေ။ အခုဆိုရင် စျေးမရောင်းရလို့ စားဖို့တောင် မရှိတော့ဘူး ” လို့ စျေးဆိုင်နေရာ ဖျက်ဆီးခံခဲ့ရတဲ့ စျေးသည်တဦးက ပြောပါတယ်။
 
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၄ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ စည်ပင်သာယာရေး ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်က ပျံကျစျေးတန်း ဖြစ်နေတဲ့ ကံ့ကော်လမ်း၊ ကျွန်းရွှေဝါလမ်း၊ စိန်ပန်းလမ်းနဲ့ ခရေလမ်း အပြင် ရပ်ကွက်အတွင်းက ရာနဲ့ချီပြီး ပျံကျစျေးတန်းဖြစ်နေတဲ့ နေရာတွေက ဆိုင်နေရာတွေကို အင်အားသုံး ဖျက်ဆီးဖယ်ရှားခဲ့တာပါ။
 
အဲ့ဒီလို အင်အားသုံးဖယ်ရှားပြီး နောက်မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဟာ ဖယ်ရှားခဲ့တဲ့ နေရာတွေမှာ စျေးဆိုင်ခန်းတွေ ဆောက်ပြီး အခန်းတခန်းကို ငွေကျပ် ၃၅ သိန်းနှုန်း ပြန်ရောင်းနေတာ ဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေနဲ့ စျေးသည်တွေက ပြောပါတယ်။
 
” ဒီကောင်က မျက်စိကျနေတာ ကြာပြီ။ ဒါကြောင့်လည်း အသေခံပြီးတော့ကို ဒီအုပ်ချုပ်ရေးမှူးနေရာကို ယူထားတာ။ အခုလည်းကျရော ဆိုင်ခန်းဆောက်ပြီး ပြန်ရောင်းတယ်ဆိုတော့ ဂွင်မိသွားတာပေါ့။ ကောင်းတဲ့နေရာဆိုရင် သူတို့အဖွဲ့ထဲက လူတွေကို ရောင်းတယ်။ လက်သင့်ရာ စားတော်ခေါ်တယ်။ ပျံကျစျေးသည်တွေ့ရင် ဖမ်းတယ် ” လို့ ၉၄ ရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။
 
လက်ရှိမှာ စျေးတန်းကို အင်အားသုံး ဖယ်ရှားခဲ့တာကြောင့် ပျံကျစျေးသည်ပေါင်း ရာနဲ့ချီဟာ စားဝတ်နေရေးအတွက် စျေးရောင်းချခွင့် မရတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ စျေးသည်တွေက ဆိုပါတယ်။
 
အခုလို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့နဲ့ စည်ပင်သာယာရေးအဖွဲ့တွေအနေနဲ့ ပျံကျစျေးတန်းကို အင်အားသုံး ဖယ်ရှားတာ၊ ဖယ်ရှားခဲ့တဲ့ နေရာမှာ ဆိုင်ခန်းဆောက်ပြီး ပြန်ရောင်းတာအပြင် နေရာကောင်းတဲ့ ဆိုင်ခန်းတွေကို လက်သင့်ရာ ရောင်းချနေတာ ရှိပါတယ်။
 
ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထွေထွေကြပ်တည်းနေတဲ့ ကာလအတွင်း အဲဒီလို ဆိုင်ခန်းဆောက်လုပ်ရောင်းချတာတွေ မလုပ်ဖို့ကို သတိပေးစာ ထုတ်ပြန်ထားပြီး လိုက်နာမှုမရှိရင်တော့ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။
 
ဓာတ်ပုံ – CJ