ဇွန်၊ ၂၆
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း မှန်တောကျေးရွာကို မကွေးတိုင်း၊ ဂန့်ဂေါနယ်မြောက်ပိုင်းအစွန် ဟံဟာဝတီကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အဖွဲ့ဝင်တွေက ဇွန်လ ၂၅ ရက် မနေ့က မနက်ပိုင်းကလာရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ကားလမ်းဘေးက အိမ်တွေကို ရှို့သွားတာ။ ဆယ့်သုံးအိမ်လောက် လောင်သွားတယ်။ လက်နက်ကြီးတွေနဲ့လည်း ထုတယ်။ လက်နက်ကြီးတလုံးက မှန်တောအရှေ့ဘက် ရှားဖိုရွာ စာသင်ကျောင်းတောင်ဘက်ဆုံးအခန်းကို မှန်တယ်။ ကျောင်းမှာ ကျောင်းမတက်ကြတဲ့အတွက် လူထိခိုက်မှု မရှိပါဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
အိမ်ခြေနှစ်ရာကျော်ရှိတဲ့ မှန်တောကျေးရွာဟာ ကလေးမြို့နယ်တောင်ပိုင်းအစွန် ကလေး – ဂန့်ဂေါလမ်းမပေါ်မှာ တည်ရှိပြီး ချင်းတိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ရွာဖြစ်ပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ မှန်တောကျေးရွာရဲ့ တောင်ဘက် ပျူကျေးရွာတွေဖြစ်တဲ့ ကျန်သာ၊ ဟံသာဝတီကျေးရွာက ပျူစောထီးတွေက ရွာကို မကြာခဏ လာရောက်လုယက်တာတွေကြောင့် ကျေးရွာက ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင်ဇွန် ၂၅ ရက်မှာလည်း ဟံသာဝတီကျေးရွာက စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ပျူးစောထီးအင်အား တရာကျော်က မှန်တောကျေးရွာ လမ်းဘေးနေအိမ်တွေကို လာရောက်မီးရှို့ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောကြပေမယ့် နေအိမ်ဘယ်လောက် ဆုံးရှုံးတယ်ဆိုတာ မသိရသေးပါဘူး။
” သူတို့တွေ ရိက္ခာလိုကြပြီ ထင်တယ်။ ကလေးဘက် ရိက္ခာပို့လာတဲ့ကားကို လာကြိုတာလို့ သိရတယ်။ ကလေးမြို့နားမှာ တိုက်ပွဲဖြစ်ပြီး ကားတွေက မရောက်လာနိုင်တော့ အိမ်တွေကို မီးရှို့သွားတာ ” လို့ ဒေသခံနောက်တဦးက ပြောပါတယ်။
အလားတူ ဇွန်လ ၂၅ ရက်မနက်အစောပိုင်းက ကလေးမြို့တောင်ဘက် သာစည်ကျေးရွာဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကလေးဒေသခံတွေဆီက သိရပါတယ်။
” တမနက်လုံး ဆူညံနေတာ။ ဘောက်လိုက်ဆွဲတဲ့ အသံတွေရော။ မြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်တာ အချက်ငါးဆယ်ကျော်လောက်ရှိတယ် ” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။
တမနက်လုံး လက်နက်ပစ်ခတ်သံတွေ ဆူညံနေခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပြီး တိုက်ပွဲထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ သိရှိရခြင်း မရှိသေးပါဘူး။ စစ်ကောင်စီစစ်ကြောင်းက သာစည်ရွာအရှေ့ပိုင်းကို မီးရှို့ခဲ့တာကြောင့် နေအိမ်လေးလုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ် တောင်ပိုင်းအစွန်က ကြံသာကျေးရွာ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစွန်က ဟံဟာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်းကျေးရွာတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခြေစိုက်ထားတဲ့ ပျူစောထီးကျေးရွာတွေဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်တွေရဲ့ နယ်မြေစိုးမိုးမှုကြောင့် အဆိုပါကျေးရွာတွေကို ရိက္ခာမဝင်တာ တလကျော်ကြာမြင့်ခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်က မီးရှို့ဖျက်စီးခဲ့စဥ်။