ပုသိမ်ထောင်သစ် ဆောက်ဖို့ ဒေသခံ တောင်သူတွေရဲ့ မြေယာတွေကို သိမ်းဆည်းခံရတယ်လို့ဆို

ဇွန်၊ ၂၆
 
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ပုသိမ်ထောင်သစ်ဆောက်ဖို့ဆိုပြီး စစ်ကောင်စီက ဒေသခံတွေရဲ့ လယ်ယာမြေတွေနဲ့ ဥယာဉ်ခြံမြေ ဧက ၇၀၀ ကျော်ကို သိမ်းဆည်းလိုက်တယ်လို့ မြေယာသိမ်းဆည်းခံရသူတွေနဲ့ ဒေသခံတွေက ပြောဆိုပါတယ်။
ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာ နဲ့ ဝါးယားချောင်းကျေးရွာ အနီး အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်း ဗဟို ၅ လေ့ကျင့်ရေးတပ် အနီးက တောင်သူတွေရဲ့ ဓါးမဦးလုပ်ကိုင်နေတဲ့ မြေတွေကို အခုနှစ် ၂၀၂၃ ဧပြီလကစပြီး သိမ်းယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ ဘိုးဘွားစဉ်ဆက် ဓါးမဦးချ လုပ်ကိုင်လာတဲ့ လယ်မြေတွေ ဥယျာဉ်မြေတွေ၊ ခုလို အဓမ္မသိမ်းတော့ မြေမဲ့ ယာမဲ့တွေ ဖြစ်ပြီး ဘဝ ရပ်တည်ရေးအတွက် အခက်တွေ့ကုန်တယ်၊ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး ” လို့ မြေသိမ်းခံရတဲ့ တောင်သူတဦးက DNA ကိုပြောပါတယ်။
သိမ်းယူခံလိုက်ရတဲ့ မြေယာတွေဟာ ဘိုးဘွားစဉ်ဆက် ခုတ်ထွင် လုပ်ကိုင် စိုက်ပျိုးလာခဲ့သလို အခွန်ပြေစာလည်းရှိပြီး တချို့မှာတော့ လယ်ယာမြေ လုပ်ကိုင် ပိုင်ဆိုင်ခွင့် ပုံစံ ၃ ၊ ပုံစံ ၇ တို့ လည်း ရှိနေပြီးဖြစ်ပေမယ့် မြေယာတန်ဖိုးတွေကို အစားထိုးပြန်ပေးတာ မရှိဘူးလို့လည်း မြေယာသိမ်းခံရတဲ့ တောင်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာန က အရာရှိတဦးကတော့ ပုသိမ်ထောင်သစ်ဆောက်ဖို့ သတ်မှတ်ထားတဲ့ မြေနေရာဟာ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ လစ်လပ်မြေတွေ ဖြစ်ပြီး အဲဒီမြေပေါ် ကျူးကျော်လုပ်ကိုင်နေလို့ ဖယ်တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ သိမ်းဆည်းလိုက်တဲ့ မြေယာတွေကို စစ်ကောင်စီအဖွဲ့က မြေပြုပြင်မှုတွေ စတင် လုပ်ဆောင်နေပြီး ပုသိမ် အကျဉ်းထောင်သစ် တည်ဆောက်ရေး လုပ်ငန်းကို ၃ နှစ် အတွင်း ပြီးစီးအောင် လုပ်ဆောင်မယ်လို့ ဆက်သိရပါတယ်။
ပုသိမ်မြို့လယ်ရှိ အမှတ် ၄ ရက်ကွက် က ဘူတာလမ်း နှင့် မရမ်းချိုလမ်း အကြားရှိ ကိုလိုနီခေတ်ကတည်းက ဆောက်ခဲ့တဲ့ လက်ရှိပုသိမ်ထောင် ဘေးရှိ အကျဉ်းဦးစီးဌာနပိုင် လယ်မြေ တွေကို ၂၀၁၁ ခုနှစ် က အာဏာရခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ အစိုးရကလည်း မြို့ကွက်ရိုက်ပြီး ရောင်းချခဲ့ဖူးတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။
လက်ရှိ အသုံးပြုနေတဲ့ ပုသိမ် အကျဉ်းထောင် ကို ( ၁၈၈၉ ) ခုနှစ်က တည်ဆောက်ခဲ့တာ ဖြစ်ပြီး ပုသိမ်ထောင်အတွင်း အိပ်ဆောင်တွေ ဖွဲ့စည်းတည်ဆောက်ထားတာဟာ အင်္ဂလိပ် ယူနီယံဂျက်အလံ ပုံစံဖြစ်ပြီး သမိုင်းတန်ဖိုး ကြီးမားတဲ့အပြင် လက်ရှိထောင်မြေနေရာရဲ့ ကာလပေါက်ဈေးကလည်း တန်ဘိုးကြီးမြင့်တယ်လို့ ပုသိမ်မြို့ မြို့မိမြို့ဖ အသိုင်းအဝိုင်းက ဆိုပါတယ်။
 
ဓာတ်ပုံ – ပုသိမ်ထောင် (ပုံဟောင်း)