ဆော်ဒီကလပ် အယ်လ်ဟီလယ်ဆီ ပြောင်းရွှေ့သွားတဲ့ ချဲလ်ဆီး နောက်ခံလူ ကူလီဘာလီ

ဇွန်၊ ၂၆

ချဲလ်ဆီး အသင်းရဲ့ နောက်ခံလူ ကာလီဒူ ကူလီဘာလီဟာ အခုနွေရာသီမှာ ဆော်ဒီအာရေးဘီးယား ဘောလုံးလောကဆီ ကူးပြောင်းခြေချတဲ့ နောက်ဆုံး ဥရောပ အခြေစိုက် ကြယ်ပွင့် ကစားသမား ဖြစ်လာပါပြီ။

အသက် ၃၂ နှစ်အရွယ် ကင်မရွန်း လက်ရွေးစင် နောက်ခံလူဟာ တရားဝင် မထုတ်ပြန်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ဆော်ဒီကလပ် အယ်လ်ဟီလယ်လ်ဆီ ရောက်ရှိသွားပြီလို့ သိရပါတယ်။ သူဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် ဝုလ်ဗ်အသင်းကနေ မကြာသေးခင်ကမှ အယ်လ်ဟီလယ်လ်ဆီ ရောက်ရှိခဲ့တဲ့ ပေါ်တူဂီ ကွင်းလယ်လူ ရူဘန် နီဗက်စ်နဲ့ အတူတွဲ ကစားရမှာ ဖြစ်ပါတယ်။

မကြာသေးခင်က ချဲလ်ဆီးရဲ့ ကွင်းလယ် ကစားသမား အန်ဂိုလို ကန်တေးဟာ ဆော်ဒီ ပရိုလိဂ် ချန်ပီယံ အယ်လ်အစ်တီဟတ်ဆီ ပြောင်းရွှေ့ခဲ့ပြီး ဖြစ်သလို ဂိုးသမား အီဒူရက်ဒ် မန်ဒီကလည်း အယ်လ်အာလီ အသင်းနဲ့ စာချုပ်ဖြစ်ဖို့ အတော်လေး နီးစပ်နေပါတယ်။

ကူလီဘာလီဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကမှ နာပိုလီကနေ ချဲလ်ဆီးကို ကူးပြောင်းလာပြီး ၄ နှစ်စာချုပ် ချုပ်ဆိုထားသူပါ။ ဒါပေမဲ့ သူဟာ ချဲလ်ဆီးရဲ့ သမိုင်းတလျှောက် အဆိုးဆုံး စာရင်းဝင် ဘောလုံးရာသီကို ဖြတ်သန်း ကြုံတွေ့ပြီးတဲ့နောက် အသင်းထပ်ပြောင်းခဲ့တာပါ။ သူဟာ ချဲလ်ဆီးမှာ ၃၂ ပွဲကစားပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ကူလီဘာလီက သူဟာ ပထမဆုံး ပွဲကနေ နောက်ဆုံးပွဲထိ ချဲလ်ဆီးရဲ့ ဂျာစီကို ဂုဏ်ယူစိတ် အပြည့်နဲ့ ဝတ်ဆင်ခဲ့ကြောင်း၊ ပြီးခဲ့တဲ့ ရာသီကတော့ ဘယ်သူမှ မလိုလားတဲ့ ဖြတ်သန်းမှုတွေ ဖြစ်ခဲ့လို့ စိတ်မကောင်းကြောင်း၊ ဒါပေမဲ့ အသင်းမှာ ရှိနေချိန် အတောအတွင်း ပရိသတ်တွေနဲ့ အသင်းက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ အားလုံးရဲ့ ဝိုင်းဝန်းအားပေး ကူညီမှုအတွက် အမြဲ အမှတ်ရ ကျေးဇူးတင်နေမှာဖြစ်ကြောင်း ကူလီဘာလီက Twitterကနေ ရေးသား ကြေညာသွားခဲ့ပါတယ်။

 

Ref: Guardian