ရေးမြို့နယ်က ကျေးရွာတရွာမှာ စစ်ကောင်စီက လေကြောင်းကတိုက်လို့ အရပ်သားထိခိုက်သေဆုံးမှုရှိ

ဇွန်၊ ၂၅
 
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်ကျေးရွာမှာ ဒီကနေ့ နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေထံမှ သိရပါတယ်။
 
“ အခု ရထားသလောက်ဆို အရပ်သား သုံးဦး၊ လေးဦးသေတယ်၊ ဒဏ်ရာရတာက နှစ်ဆယ် ဦးလောက်ရှိမယ်လို့ သိထားတာပေါ့နော်၊ တိတိကျကျတော့ အတည်ပြုဖို့ လုပ်နေတုန်းပဲ။ ထိခိုက်တာက တကယ်ကို အရပ်သားတွေပါ ” လို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)အဖွဲ့ခေါင်းဆောင် ဗိုလ်ရန်နိုင် က DNA ကို ပြောပါတယ်။
 
ရေးမြို့နယ် နှစ်ကရင်ကျေးရွာမှာ အင်အား သုံးဆယ်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ကင်းစခန်းတခုကို ဇွန်လ ၂၅ ရက်၊ နေ့လည် ၁၂ နာရီခန့်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
 
နှစ်ဖက်တိုက်ပွဲဟာ မိနစ်သုံးဆယ်ကျော် ဖြစ်ပွားခဲ့ပြီး အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီရဲ့ မော့ကနင်အခြေစိုက် (၃၁၇)အမြောက်တပ်က လက်နက်ကြီး ဆယ်လုံးကျော် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
အဲနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာပြီးနောက် တနာရီကျော်အကြာမှာ စစ်ကောင်စီဘက်ကနေ Mi – 35 P ရဟတ်ယာဉ်နှစ်စီးနဲ့ နှစ်ကရင်ကျေးရွာထဲကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဗိုလ်ရန်နိုင်က ဆိုပါတယ်။
 
“ နှစ်ကရင်မှာ ရှိတဲ့ စခန်းတစ်ခုကို ဝင်ပစ်တော့ တိုက်ပွဲဖြစ်တာ၊ PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့က ကောင်တွေ၊ တိုက်ပွဲဖြစ်တယ်၊ အဲ့ချိန်အမြှောက်တွေရော ပစ်တာပေါ့နော်၊ တနာရီကျော်အကြာမှာမှ ရဟတ်ယာဉ်နှစ်စီးနဲ့ ရွာထဲကို ပစ်ထည့်တာ သုံးလေးခါလောက်ရှိနိုင်တာပေါ့။ ဗုံးတွေရော ပစ်ခတ်တာရောပဲ ” လို့ ဆိုပါတယ်။
 
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေးဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဗိုလ်ရန်နိုင်က ဆိုပါတယ်။
 
နှစ်ကရင်ကျေးရွာဟာဆိုရင် အိမ်ခြေ သုံးထောင်ကျော်ရှိတဲ့ ရွာကြီးတရွာဖြစ်သလို အဲဒီရွာမှာ မွန်တိုင်းရင်းသားတွေ အများစု နေထိုင်ကြပြီး တိုက်ပွဲကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ထွတ်ပြေးတိမ်းရှောင်နေရပါတယ်။
 
“ အမ သိသလောက်က တချို့တွေက ထွက်ပြေးနေကြတယ်ပြောတယ်၊ အမတို့နဲ့လည်း နည်းနည်းအလှမ်းဝေးတော့လေ၊ သေချာမသိဘူး၊ အမမိတ်ဆွေတယောက်ဆီ လှမ်းမေးတော့ ဖြစ်သွားတာဟုတ်တယ်၊ လူတွေအများကြီး ထိသွားတယ်တဲ့။ တချို့ဆို ပြေးနေကြတယ်တဲ့။ နေအိမ်အဆောက်အဦတွေလည်း ထိခိုက်ပျက်စီးမှုတွေလည်း ရှိတယ်လို့ ပြောတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ မေလ ၇ ရက်နဲ့ ၈ ရက်တွေမှာလည်း ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ် အကြားမှာရှိတဲ့ ကျားဖြူစစ်ကြောင်းရဲ့ နောက်တန်းစခန်းတနေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် PDF တပ်ဖွဲ့ဝင် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့သလို အရပ်သားတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
ဓာတ်ပုံ – CJ