ခင်ဦးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် PDF တဦးကျဆုံးပြီး လေးဦးဒဏ်ရာရ

ဇွန်၊ ၂၅
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကန်သာယာရွာ (မြောက်ရွာ) ကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တဦး ကျဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
“ ခါတိုင်းလိုပဲ ရွာတရွာဝင်ရင် လက်နက်ကြီးနဲ့ ပစ်တာပေါ့။ ပစ်တဲ့အခါမှာ ရှေ့မှာ ဘယ်လိုပြောရမလဲ ပွိုင့်စောင့်နေတာပေါ့ဗျာ။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုက ဒါ လက်နက်ကြီး အရင်ပစ်လိုက်တာပေါ့နော်။ သူတို့တက်လာတဲ့ စစ်ကြောင်းကို ကိုယ့်ဖက်က အရင်ပစ်လိုက်တာပေါ့၊ ပစ်လိုက်တဲ့အနေထားမှာ ပစ်တဲ့ဖက်ကို စစ်ကောင်စီတပ်သားတွေက ကောင်တာပြန်လိုက်တာပေါ့။ တဦးက ပွဲချင်းပြီး ဆုံးသွားတယ် “ လို့ အဲဒီအဖွဲ့တာဝန်ရှိသူ ကိုနေသူရက ပြောပါတယ်။
 
အဲဒီစစ်ကောင်စီတပ်သည် ဇွန်လ ၂၄ ရက် မနေ့ညက တဲစုရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီးနောက် မြစ်တော်ကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး ခင်ဦးမြို့ပေါ်ကို ခြေလျင်စစ်ကြောင်းဖြန့်လာတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။
 
အဲဒီစစ်ကြောင်းဟာ ကန်သာယာကျေးရွာ ဖက်သို့ ခြေလျင်စစ်ကြောင်း ထွက်လာစဉ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပွိုင့်စောင့်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ လေးဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 
ထိခိုက်ဒဏ်ရာရတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ လက်တလောမှာ ဆေးကုသမှု ခံယူနေတယ်လို့လည်း ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ ကိုနေသူရက ပြောပါတယ်။
 
အိမ်ခြေ နှစ်ရာခန့်ရှိတဲ့ ကန်သာယာရွာခံ အချို့ကတော့ စစ်ကြောင်းဝင်လာတုန်းက ခေတ္တတိမ်းရှောင်ခဲ့ရပေမယ့် စစ်ကြောင်းပြန်ထွက်သွားတာကြောင့် ဒီနေ့နေ့လည်ပိုင်းမှာ ရွာထဲမှာ ပြန်လည်နေထိုင်နေကြပြီလို့လည်း ကိုနေသူရက ဆက်ပြောပါတယ်။
 
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဇွန်လ ၂၄ ရက် မနေ့ကလည်း လက်နက်ကြီးနဲ့ ပစ်တာကြောင့် တဲစုကျေးရွာက ဒေသခံ ကိုးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီဒဏ်ရာရသူတွေထဲက အမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ​- စစ်ကောင်စီမီဒီယာ