ဇွန်၊ ၂၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ညောင်ပင်ဇောက်ရပ်ကွက် အနီးမှာ ယမန်နေ့ ဇွန် ၂၄ ရက် ညနေပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက အရပ်သားပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက စုံစမ်းသိရပါတယ်။
“ မနေ့က ညနေ ၅ နာရီလောက်ကနေစပြီး ည ၇ နာရီကျော်လောက်အထိ ပစ်ခတ်သံတွေ ကြားနေရတာ။ ညရောက်မှ တိုက်ပွဲဖြစ်တာလို့ သိရတာ။ တိုက်ပွဲဖြစ်တဲ့နေရာက မုံရွာမြို့အထွက်နားမှာရှိတဲ့ ညောင်ပင်ဇောက်ရပ်ကွက်မှာ ဖြစ်တာ။ ညောင်ပင်ဇောက်ရပ်ကွက်ထဲက လူနေအိမ်တွေလည်း စစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ကြားရတယ် ” လို့ မုံရွာမြို့ခံတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် မုံရွာမြို့ ညောင်ပင်ဇောက်ရပ်ကွက်မှာရှိတဲ့ အဝေးပြေးကားကြီးဝင်းရဲ့ အနောက်ဖက်က နေအိမ် ခုနှစ်လုံးခန့် မီးလောင်ပျက်စီးခဲ့ပေမယ့် လူထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံကာကွယ်ရေးတပ်တွေဆီကို DNA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လတ်တလော စစ်ရေးအခြေအနေတွေအရ ဖြေကြားပေးလို့ မရသေးဘဲ သီးခြားသတင်းထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖက်တပ်တွေ အကျအဆုံး အထိအခိုက်နဲ့ပတ်သက်ပြီးတော့ Delta News Agency သတင်းဌာနက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
လက်ရှိအချိန်မှာ မုံရွာမြို့ တောင်ဘက်ခြမ်းဘက်ကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး နယ်မြေရှင်းလင်း နေတာကြောင့် ဒေသခံအရပ်သားတွေဟာ နီးစပ်ရာကျေးရွာတွေဆီကို စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ စုံစမ်းသိရပါတယ်။
ယခင်က မုံရွာမြို့အနီးဝန်းကျင်နဲ့ ကျေးရွာတွေမှာသာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိခဲ့ရာက ယခုအချိန်မှာ မုံရွာမြို့ပေါ် ရပ်ကွက်တွေအထိ တိုက်ပွဲဖြစ်ပွားလာတာ ဖြစ်တယ်လို့ မုံရွာမြို့ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ- မုံရွာအမြင့်လမ်း သတင်းမှန်ပြန်ကြားရေး