လျှပ်စစ်ရေနွေးအိုးတည်ထားရာက အပူလွန်ပြီးမီးလောင်လို့သံဃာတပါးပျံလွန်တော်မူ

ဇွန်၊၂၅

မွန်ပြည်နယ်၊ သထုံမြို့ပေါ်က ဘုန်တော်ကြီးကျောင်းတကျောင်းမှာလျှပ်စစ်ရေနွေးအိုးတည်ထားရာမှာ မီးလောင်မှု ဖြစ်ပွားပြီး သံဃာတော်တပါပျံလွန်တော်မူသွားတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။

“ ဆရာတော်က အသက်ကြီးနေပါပြီး၊ တပါးတည်းပါ သီတင်းသုံးနေတာက အဲဒါ လျှပ်စစ်ရေနွေးအိုးလေ တည်ထားတာ အပူလွန်ပြီး မီးလောင်သွားတယ်၊ ဆရာတော်ကတော့ ကျောင်းထဲမှာ မီးခိုးနံ့မွှန်ပြီး ပျံတော်မူလွန်သွားတာပါ။ မီးလောင်တာပေါ့ ခန္ဓာကိုယ်ကတော့။” လို့ မြို့ခံတဦးက DNA ကို ပြောပါတယ်။

သထုံမြို့၊ နန်းခဲရပ်ကွက် ခရိုင်ပြည်သူ့ဆေးရုံကြီးအနီးမှာ ရှိတဲ့ နန်းတော်ဦးဘုန်တော်ကြီးကျောင်းဝင်း တပါးကျောင်းဆောင်မှာ ဇွန်လ ၂၄ ရက် ၊ည ၁၀ နာရီခန့်က ဆရာတော်တပါးဟာ လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုကြောင့် မီးခိုးနံ့မွှန်ပြီး သက်တော် ခုနှစ်ဆယ်နှစ် ၊သိက္ခာတော်(၂၃)ဝါရှိတဲ့ ဦးပညာဝံသမှာ ကျောင်းဆောင်အတွင်းမှာပင် မီးလောင်ပျံတော်မူလွန်သွားတယ်လို့ ဆိုပါတယ်။

“ သက်တော်ကလည်း ရောဂါအခံကလည်း ရှိနေတော့၊ ပိုဆိုးတာပေါ့၊ ထင်တာတော့ ရေနွေးအိုးက မီးမလာခင်မှာ တည်ထားပြီး မီးလာတော့ အိပ်ပျော်နေတာဖြစ်မယ်ပေါ့နော်။ အဲမှာ မီးထလောင်သွားတာလို့ ထင်တယ်။” လို့ အဲဒီ မြို့ခံက ပြောပါတယ်။

အဲဒီမီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမူကူညီရေးအသင်းအဖွဲ့တွေနဲ့ မြို့ခံပြည်သူတွေက ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့ပြီး နာရီဝက်အကြာမှာ လုံးဝမီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် တပါးကျောင်းဆောင်အဆောက်အဦတခုလုံး ပျက်စီးသွား တယ်လို့ ဆိုပါတယ်။

 ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊နိုဝင်ဘာလ ၄ ရက်ကလည်း ပေါင်မြို့နယ် ၊ဇင်းကျိုက်မြို့ ဘုံကျောင်းလမ်းမှာ ဖယောင်းတိုင်မီး ကနေတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာမှာ လူလေးဦးသေဆုံးကာ နေအိမ် ရှစ်လုံးမီးလောင်ပျက်စီးသွားတယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူးက DNA ကို ပြောဆိုထားပါတယ်။